ထိုင်ဝမ်အနီးတစ်ဝိုက် တရုတ်က စစ်ရေးလေ့ကျင့်မှု ဆက်လက်တိုးချဲ့လုပ်ဆောင်မှုအပေါ် စိတ်မအေးဖြစ်မိဟု ဘိုင်ဒင် ပြော

ထိုင်ဝမ်အနီးတစ်ဝိုက် တရုတ်က စစ်ရေးလေ့ကျင့်မှု ဆက်လက်တိုးချဲ့လုပ်ဆောင်မှုအပေါ် စိတ်မအေးဖြစ်မိဟု ဘိုင်ဒင် ပြော

ဩဂုတ် ၉

ထိုင်ဝမ်၏ ပတ်ပတ်လည်၌ စစ်ရေးလေ့ကျင့်မှုအသစ် ထပ်မံ လုပ်ဆောင်ကြောင်း တရုတ်က ဩဂုတ် ၈ ရက်က ကြေညာခဲ့ရာတွင် အဆိုပါ တရုတ်၏ လုပ်ဆောင်ချက် အတိုင်းအတာနှင့်ပတ်သက်ပြီး ပူပန်မိဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောသည်။

အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပလိုစီ ပြီးခဲ့သည့် သီတင်းပတ်က ထိုင်ဝမ်သို့ လာရောက်မှုအပေါ် ဆန့်ကျင်ကန့်ကွက်ရန် တရုတ်က ထိုင်ဝမ်အနီးတွင် အကြီးဆုံးသော စစ်ရေးလေ့ကျင့်မှုများကို လုပ်ဆောင်ခဲ့ပြီး အဆိုပါ စစ်ရေးလေ့ကျင့်မှုများက ဩဂုတ် ၇ ရက်တွင် ပြီးစီးရန် စီစဉ်ထားခဲ့သော်လည်း ယခုအခါ တရုတ်က စစ်ရေးလေ့ကျင့်မှုများကို ဆက်လက် တိုးချဲ့လုပ်ဆောင်နေခြင်း ဖြစ်သည်။

ရေငုပ်သင်္ဘော တိုက်ဖျက်ရေးနှင့် ပင်လယ်ပြင် တိုက်ခိုက်ရေး စစ်ဆင်ရေးများကို အဓိကအာရုံစိုက်သည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို လုပ်ဆောင်မည် ဖြစ်ကြောင်း တရုတ်စစ်တပ်၏ အရှေ့ပိုင်းကွပ်ကဲမှုဌာနချုပ်က ပြောကြားခဲ့ရာ တရုတ်သည် ထိုင်ဝမ်၏ စစ်ဖက်ကာကွယ်ရေးအပေါ် ဆက်လက် ဖိအားပေးသွားလိမ့်မည် ဆိုသည့် လုံခြုံရေး အကဲခတ်များနှင့် သံတမန်တချို့၏ စိုးရိမ်ပူပန်မှုူများကို ခိုင်မာစေခဲ့သည်။

တရုတ်၏ လုပ်ဆောင်ချက်ကို ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြစ်တင်ရှုတ်ချပြီး တရုတ်သည် အကျပ်အတည်းများကို တမင် ဖန်တီးနေခြင်း ဖြစ်သည်ဟု ပြောခဲ့သည်။ စစ်ရေး လေ့ကျင့်မှုများ ရပ်ဆိုင်းရန်နှင့် နောက်သို့ ပြန်ဆုတ်ရန် ထိုင်ဝမ်က တရုတ်ကို တောင်းဆိုခဲ့သည်။ တရုတ်သည် ကိုယ်ပိုင်အုပ်ချုပ်နေသော ထိုင်ဝမ်ကျွန်းကို ၎င်းတို့၏ အပိုင်အဖြစ် ရှုမြင်ထားသည်။

“တရုတ်တို့ရဲ့ စစ်ရေး ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်တွေ့ချိန်မှာ ထိုင်ဝမ်အနေနဲ့ ကြောက်ရွံ့မှာ မဟုတ်သလို နောက်ဆုတ်မှာလည်း မဟုတ်ပါဘူး။ မိမိတို့ရဲ့ အချုပ်အခြာအာဏာ၊ အမျိုးသားလုံခြုံရေးနဲ့ လွတ်လပ်ပြီး ဒီမိုကရေစီစနစ် နေထိုင်မှုပုံစံကို ပိုပြီးတော့ အခိုင်အမာ ကာကွယ်သွားမှာပါ” ဟု ထိုင်ဝမ် ဝန်ကြီးဌာနက ထုတ်ပြန်သည်။

ပလိုစီ၏ ခရီးစဉ်နောက်ပိုင်း ယခု တရုတ်-ထိုင်ဝမ် ကိစ္စနှင့်ပတ်သက်ပြီး အများပြည်သူသို့ ပထမဆုံး မှတ်ချက်ပေးရာတွင် ဘိုင်ဒင်က ၎င်းအနေဖြင့် ထိုင်ဝမ်နှင့် ပတ်သက်ပြီး စိုးရိမ်ခြင်း မရှိကြောင်း၊ သို့သော် ဒေသတွင် တရုတ်၏ လုပ်ဆောင်ချက်များအပေါ် ပူပန်မိကြောင်း ပြောသည်။

“သူတို့ (တရုတ်) ဟာ ခုလုပ်နေတာတွေထက် ရှေ့ဆက်တိုးလုပ်ဆောင်လာမှာကို ကျွန်တော် ပူပန်မိပါတယ်။ ဒါပေမယ့် သူတို့ ခုလုပ်နေတာထက် ပိုပြီး ရှေ့တိုးလုပ်ဆောင်လာမယ်လို့ ကျွန်တော် မထင်ပါဘူး” ဟု ဘိုင်ဒင်က ဒီလာဝဲလ်တွင် သတင်းထောက်များကို ပြောသည်။

တရုတ်၏ စစ်ရေးလေ့ကျင့်မှုများအပေါ် အိမ်ဖြူတော် ပြန်ကြားရေးအတွင်းဝန် ကာရင်း ယန်း-ပီရာရီက ပြစ်တင်ဝေဖန်ခဲ့သည်။

“သူတို့က စပြီး အရှိန်မြင့်အောင် လုပ်နေတာကြောင့် မိမိတို့အနေနဲ့ သူတို့ကို ပြစ်တင်ဝေဖန်ခဲ့တာပါ။ သူတို့ဟာ ရန်စပြီး တာဝန်မဲ့ရာ ရောက်နေသလို အတွက်အချက် လွဲမှားနိုင်တဲ့ အန္တရာယ်ကိုလည်း ဖြစ်ပေါ်စေလျက် ရှိပါတယ်။ ဒါကိုပဲ သမ္မတ (ဘိုင်ဒင်) က ရည်ညွှန်းပြောဆိုတာဖြစ်တယ်” ဟု ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required