ပါကစ္စတန်အစိုးရနှင့် သူပုန်အဖွဲ့အကြား ဆွေးနွေးမှုများက တိုးတက်မှုမရှိဘဲ အဆုံးသတ်

ပါကစ္စတန်အစိုးရနှင့် သူပုန်အဖွဲ့အကြား ဆွေးနွေးမှုများက တိုးတက်မှုမရှိဘဲ အဆုံးသတ်

ပါကစ္စတန်နိုင်ငံတွင် တရားမဝင်ကြောင်း ကြေညာထားသည့် တီရစ်-အီ-တာလီဘန် ပါကစ္စတန် (TTP) အဖွဲ့နှင့် အစိုးရအကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုများသည် ယခုအခါ မတိုးသာမဆုတ်သာ အခြေအနေသို့ ရောက်ရှိခဲ့သည်။ TTP သူပုန်အဖွဲ့သည် ယခင်က ဖက်ဒရယ် အုပ်ချုပ်သည့် မျိုးနွယ်စု ဧရိယာ (FATA) ကို ခိုင်ဘာ ပက်ခ်တွန်ခဝါ ပြည်နယ်နှင့် ပေါင်းစည်းခြင်းကို ပြန်ရုပ်သိမ်းရေး တောင်းဆိုချက်ကို လက်လျှော့ရန် ငြင်းဆန်ခဲ့သည်။
 
အဖွဲ့ဝင်၈ဦးပါသည့်  ပါကစ္စတန် မွတ်စလင်ပညာရှင် ကိုယ်စားလှယ်အဖွဲ့တစ်ခုသည် အစိုးရနှင့် အပစ်အခတ်ရပ်စဲမှုကို ထပ်မံ သက်တမ်းတိုးရေး TTP အဖွဲ့ကို ဆွဲဆောင်စည်းရုံးရန် ပြီးခဲ့သည့်လက ကဘူးလ်သို့ သွားရောက်ကာ ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့သည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့သည် ကဘူးလ်သို့ ရောက်ရှိစဉ် TTP ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး ၎င်းတို့၏ သဘောထားရပ်တည်ချက်ကို ပျော့ပျောင်းစေရန်နှင့် အပစ်ရပ်စဲမှုကို သက်တမ်းတိုးရန် စည်းရုံးနိုင်ရေး ကြိုးပမ်းခဲ့သည်။
 
ထွက်ပေါက်မရှိသော အခြေအနေကို ချိုးဖျက်နိုင်ရေး ပြီးခဲ့သည့် သီတင်းပတ်များအတွင်း နှစ်ဖက်အကြား ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့သော်လည်း ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ခုဖြင့် TTP အဖွဲ့ လက်နက်ချရေး ကိစ္စနှင့် ပတ်သက်ပြီး မတိုးသာမဆုတ်သာ အခြေအနေတွင် ဆက်ရှိနေခဲ့ကြောင်း The Express Tribune မီဒီယာက ဖော်ပြသည်။

 “မဆုတ်သာ မတိုးသာ အခြေအနေ ဖြစ်နေပါတယ်။ ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ရပ် ရဖို့ အလားအလာတွေကတော့ မှေးမှိန်နေပါတယ်” ဟု ငြိမ်းချမ်းရေး အားထုတ်မှုများနှင့် ဆက်နွယ်သည့် သတင်းရင်းမြစ်တစ်ဦးက The Express Tribune ကို ပြောသည်။

 ယခုကိစ္စအတွက် နိုင်ငံရေး ဖြေရှင်းနည်းလမ်းတစ်ခု ရှာရန် နှစ်ဖက်အကြား ဆွေးနွေးမှုများသည် ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် စတင်ခဲ့သည်။ အာဖဂန် တာလီဘန်တို့၏ ပန်ကြားချက်အရ ပြုလုပ်ခဲ့သည့် ဆွေးနွေးမှုများကြောင့် ပြီးခဲ့သည့် နိုဝင်ဘာလတွင် တစ်လကြာ အပစ်ရပ်စဲမှု သဘောတူညီချက်ကို ရခဲ့သည်။ သို့သော် နှစ်ဖက်အကြား သဘောကွဲလွဲမှုများ ပေါ်ထွက်လာသည်နှင့်အတူ အပစ်ရပ်စဲမှုက တာရှည်မခံခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly