တရုတ်က ထိုင်ဝမ်ရေလက်ကြားကို သဏ္ဌာန်တူတိုက်ခိုက်မှု လုပ်ဆောင်

တရုတ်က ထိုင်ဝမ်ရေလက်ကြားကို သဏ္ဌာန်တူတိုက်ခိုက်မှု လုပ်ဆောင်

ထိုင်ဝမ်ရေလက်ကြားတစ်ဝိုက်တွင် တရုတ်လေယာဉ်များနှင့် သင်္ဘောအများအပြားသည် ထိုင်ဝမ်ပင်မကျွန်းပတ်လည်တွင် သဏ္ဌာန်တူတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း  ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ် ၆ ရက်တွင် ထုတ်ပြန်ပြောကြားသည်။

ထိုင်ဝမ်ကာကွယ်ရေးတပ်ဖွဲ့က ကင်းထောက်စနစ်များ၊ တိုက်ခိုက်ရေးကင်းလှည့်လေယာဉ်များ၊ ရေယာဉ်များနှင့် ဒုံးကျည်စနစ်များဖြင့် ထိုအခြေအနေအား တုံ့ပြန်ခဲ့သည်ဟု ဆိုသည်။

“တရုတ်စစ်တပ်လေယာဉ်အများအပြားကို ထိုင်ဝမ်ရေလက်ကြားဝန်းကျင်မှာ တွေ့ရပါတယ်။ တချို့က ရေလက်ကြားအလယ်မျဉ်းကို ဖြတ်လာကြပါတယ်။ သဏ္ဌာန်လုပ်တိုက်ခိုက်မှုဖြစ်နိုင်ပါတယ်။ ထိုင်ဝမ်စစ်တပ်က အခြေအနေကို တုံ့ပြန်တဲ့အနေနဲ့ သတိပေးချက်ထုတ်လွှင့်မှု၊ ကင်းလှည့်လေယာဉ်၊ ကင်းလှည့်ရေယာဉ်တွေ မြေပြင်အခြေစိုက် ဒုံးကျည်စနစ်တွေကို အသုံးပြုခဲ့ပါတယ်” ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ် ၆ ရက်တွင် တွစ်တာ၌ ရေးသားထားသည်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ၏ ထိုင်ဝမ်ခရီးစဉ်အပြီး မကြာမီတွင် ထိုင်ဝမ်ရေလက်ကြား တင်းမာမှုများ မြင့်တက်လာကာ တရုတ်က စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်လုပ်ဆောင်လာခြင်းဖြစ်သည်။

 ဩဂုတ် ၅ ရက်က တရုတ်စစ်လေယာဉ် ၆၈ စီးနှင့် စစ်သင်္ဘော ၁၃ စီးသည် စစ်ရေးလေ့ကျင့်မှုတွင်ပါဝင်ရန် ထိုင်ဝမ်ရေလက်ကြားအလယ်မျဉ်းကို ဖြတ်သန်းခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

 တရုတ်က ပြီးခဲ့သည့် ၂ ရက်အတွင်း ထိုင်ဝမ်ဝန်းကျင်၌ ကျည်အစစ်ဖြင့် စစ်ရေးလေ့ကျင့်ရာတွင် စစ်လေယာဉ် အစီး ၁၀၀ ကျော်နှင့် စစ်သင်္ဘော ၁၀ စီးပါဝင်ကြောင်း ဩဂုတ် ၅ ရက်က ထုတ်ပြန်ခဲ့သည်။

တိုက်လေယာဉ်များ၊ ဗုံးကြဲလေယာဉ်များ၊ ဖျက်သင်္ဘောများနှင့် ဖရီးဂိတ်စစ်သင်္ဘောများအားလုံးကို ပူးတွဲပိတ်ဆို့မှုစစ်ဆင်ရေးဟုခေါ် စစ်ရေးလေ့ကျင့်မှုတွင် အသုံးပြုခဲ့ကြောင်း ဆင်ဟွာသတင်းအေဂျင်စီက ဩဂုတ် ၅ ရက်တွင် ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly