တရုတ်တွင် အရှိန်ပြင်းလာသော လူထုဆန္ဒပြပွဲများကို သတင်းမှတ်တမ်းယူခြင်းမပြုလုပ်

တရုတ်တွင် အရှိန်ပြင်းလာသော လူထုဆန္ဒပြပွဲများကို သတင်းမှတ်တမ်းယူခြင်းမပြုလုပ်

တရုတ်နိုင်ငံတွင် ရှီကျင့်ဖျင်၏ အာဏာရှင်အစိုးရကြောင့် နိုင်ငံအတွင်း လူထုဆန္ဒပြပွဲများ စဉ်ဆက်မပြတ် မြင့်တက်လာသည်ကို မြင်တွေ့နေရသော်လည်း ကမ္ဘာတစ်ဝန်းရှိ မီဒီယာဌာနများအပေါ်တွင် တရုတ်ဩဇာညောင်းမှုကြောင့် မီဒီယာဌာနကြီးများက  ယင်းကဲ့သို့သော ဖြစ်ရပ်မျိုးကို သတင်းထုတ်လွှင့်မှု မရှိသလောက် နည်းပါးကြောင်း Investigative Journalism Reportika သတင်းတစ်ရပ်၌ ဖော်ပြထားသည်။

ပေကျင်း၊ ရှန်ဟိုင်း၊ ရှန်တုန်း၊ ဟဲနန်နှင့်အန်ဟွေးမြို့တို့တွင် ဆန္ဒပြပွဲများအဓိကဖြစ်ပွားခဲ့ကြောင်းအဆိုပါ သတင်းတွင် ဖော်ပြထားသည်။

ရှီကျင့်ဖျင်၏ တင်းကျပ်သော ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ပေကျင်းနည်းပညာတက္ကသိုလ်မှ ကျောင်းသားများနှင့် ဝန်ထမ်းများသည် ပေကျင်းမြို့ရှိ ဟိုင်ဒီယန်းခရိုင်ရှိ ကျောင်းဝင်းအတွင်း စုဝေးခဲ့ကြသည်ဟု အရှေ့အာရှအရေးလေ့လာသုံးသပ်သူ ဂျင်းနီကင်ဂျက်ကော့က Investigative Journalism Reportika၏ အထူးသတင်းတစ်ရပ်တွင် ရေးသားထားသည်။

အလယ်ပိုင်းဟဲနန်ပြည်ရှိ ကျေးလက်ဘဏ် ၄ ခုတွင် အပ်နှံငွေများထိန်းချုပ်ခံထားရသဖြင့် ပြည်သူများစွာသည်  ၂ လကြာမျှ ဆန္ဒပြခဲ့ကြသည်ဟုလည်း အစီရင်ခံစာ၌ဖော်ပြထားသည်။

ပြည်သူများသည် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး မဖြစ်မနေထိုးရမည့် စည်းကမ်းချက်နှင့်ပတ်သက်၍လည်း ပေကျင်းလမ်းမများပေါ်ထွက်ကာ ဆန္ဒပြခဲ့ကြသည်။

နိုင်ငံတစ်ဝန်းရှိ ထောင်ပေါင်းများစွာသောကလေးများသည်ကာကွယ်ဆေးကြောင့် ဆီးချိုရောဂါဖြစ်ပွားခဲ့သလို အခြားသူများမှာ သွေးကင်ဆာဖြစ်ပွားခဲ့သည်ဟု ဆန္ဒပြသူများက ပြောသည်။
ရှန်ဟိုင်းတွင်လည်း တိုက်ခန်းများအား အသွားအလာကန့်သတ်ခံရသဖြင့် အုပ်စုလိုက်ဆန္ဒပြပွဲများ ပေါ်ပေါက်လာပြီးနောက် PPEဝတ်စုံဝတ်ဆင်ထားသော ရဲအရာရှိ ဒါဇင်ပေါင်းများစွာသည် ပြည်သူများကို ဖမ်းဆီးခဲ့ကြသည်။
ထို့ပြင် ဇူလိုင် ပထမပတ်က အန်ဟွေးပြည်နယ်ရှိ လင်းဘီနှင့် ဆီရှန်းခရိုင်များတွင်လည်းအသွားအလာပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့သည်။ 
အလားတူ နေ့စားအလုပ်သမားများ၊ စက်ရုံလုပ်သားများနှင့် အခြားစက်မှုလုပ်ငန်းသမဂ္ဂများသည် လုပ်ခလစာပေးချေမှုနှောင့်နှေးခြင်းအတွက် ရှန်တုန်းတွင် ဆန္ဒပြမှုများစွာ ဖြစ်ပေါ်ခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီသည် ပြဿနာဖြေရှင်းရန် ဘာမဆိုလုပ်ဆောင်တတ်ပြီး ပြည်သူလူထု လှုပ်ရှားမှုများနှင့်ဆန္ဒပြမှုများကို နှိမ်နင်းရန် အလျင်အမြန်လှုပ်ရှားလျက်ရှိသည်။ ကွန်မြူနစ်ပါတီသည် ဆန္ဒဖော်ထုတ်မှုများအား ၎င်းဆုပ်ကိုင်ထားသောအာဏာအတွက် စိန်ခေါ်မှုတစ်ခုအဖြစ် ရှုမြင်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly