ကျောက်မီးသွေးဖြင့် လျှပ်စစ်စွမ်းအင်ထုတ်လုပ်နေသည့် တရုတ်ကုမ္ပဏီများက ပါကစ္စတန် ကွာဆမ် ဆိပ်ကမ်းတွင် တရုတ်ငွေကို အသုံးပြုခွင့်ပေးရန် တောင်းဆို

ကျောက်မီးသွေးဖြင့် လျှပ်စစ်စွမ်းအင်ထုတ်လုပ်နေသည့် တရုတ်ကုမ္ပဏီများက ပါကစ္စတန် ကွာဆမ် ဆိပ်ကမ်းတွင် တရုတ်ငွေကို အသုံးပြုခွင့်ပေးရန် တောင်းဆို

ကျောက်မီးသွေးဈေးနှုန်းမြင့်တက်မှုနှင့် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်နေရသည့်ပါကစ္စတန်တွင် ဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်နေခြင်းကို ထောက်ပြကာကွာဆမ်ဆိပ်ကမ်းရှိ ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံအတွက်ကျောက်မီးသွေးဝယ်ယူရာတွင် ဒေါ်လာအခက်အခဲကြောင့် တရုတ်ယွမ်ငွေကို အသုံးပြုခွင့်ပေးရန် တရုတ်အစိုးရက အဆိုပြုထားသည်။

ပြင်းထန်သော ရာသီဥတုနှင့် ကျောက်မီးသွေး ဈေးနှုန်းများ မြင့်မားမှုများကြောင့် ဓာတ်အားပြတ်တောက်မှု ကြုံတွေ့နေရချိန်တွင် တရုတ်က ပါကစ္စတန်ဝန်ကြီးချုပ် ရှဘက်ဇ် ရှရစ်အား ယင်းတို့၏ စိုးရိမ်ပူပန်မှုများကို ဖော်ပြခဲ့ကြောင်း Business Recorder က ဖော်ပြခဲ့သည်။

ပါကစ္စတန်တွင် အမေရိကန်ဒေါ်လာရှားပါးမှုကြောင့် အခက်ကြုံနေချိန်တွင် ကွာဆမ်ဆိပ်ကမ်းစီမံကိန်းအတွက် ကျောက်မီးသွေးဝယ်ယူရေးအတွက်ယွမ်ငွေကို အသုံးပြုခွင့်ပေးရန် ပါကစ္စတန်နိုင်ငံတော်ဘဏ် (SBP )ကို တောင်းဆိုထားကြောင်းကို ဝန်ကြီးချုပ်ထံသို့လည်း အကြောင်းကြားခဲ့သည်။

တရုတ်ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများသို့ ပါကစ္စတန်အစိုးရပေးရမည့် ရက်လွန်ငွေပမာဏသည် ရူပီး ၃၅၀ ဘီလီယံ ကျော်လာကာ ကျောက်မီးသွေးကို မဝယ်ယူနိုင်တော့သဖြင့် ကျောက်မီးသွေး ဈေးနှုန်းများ အဆမတန် မြင့်တက်လာသည်။

ပါကစ္စတန်ဗဟိုလျှပ်စစ်ဝယ်ယူရေးအေဂျင်စီ (CPPA (G)) က ပေးရန်ပျက်ကွက်သည့် ရက်လွန်ကြေးများနှင့် SBP မှ နိုင်ငံခြားငွေလဲလှယ်မှု ကန့်သတ်ချက်များကြောင့် ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံ ၃ ရုံသည် ကျောက်မီးသွေးဝယ်ယူရန် ရန်ပုံငွေ အလုံအလောက်မရှိဟု ဝန်ကြီးချုပ်ထံ အကြောင်းကြားထားကြောင်း သတင်းရင်းမြစ်များကိုကိုးကား၍Business Recorder ကသတင်း ဖော်ပြခဲ့သည်။

ယွမ်ငွေလဲလှယ်ရာတွင် အပိုကုန်ကျစရိတ်ကို CPPA-G သို့ တောင်းခံခွင့်ပြုရန်လည်း တရုတ်ကျောက်မီး သွေးသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံများက စွမ်းအင်ဝန်ကြီးဌာနနှင့် NEPRA တို့အား တောင်းဆိုထားသည်။

ပါကစ္စတန်ဓာတ်အားပေးစက်ရုံများတွင် ရင်းနှီးမြှုပ်နှံထားသည့် တရုတ်ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီ ၁၀ ခုကျော် သည် လွတ်လပ်သော ဓာတ်အားထုတ်လုပ်သူများ (IPPs) ပုံစံဖြင့် အသင်းအဖွဲ့တစ်ခုဖြစ်သည့် စွမ်းအင်လုပ်ငန်း အသင်း (EEA) ကို ထူထောင်ခဲ့ပြီး ယင်းတို့၏ ပြဿနာများ၊ စိုးရိမ်မှုများ၊ တောင်းဆိုမှုများနှင့် အနာဂတ်အဆိုပြုချက်များကို မျှဝေခဲ့ကြသည်။ 

မကြာသေးမီက ဂွါဒါတွင် ရင်းနှီးမြှုပ်နှံထားသော တရုတ်ရင်းနှီးမြှုပ်နှံသူများသည် ပါကစ္စတန်ရူပီးငွေ တန်ဖိုးကျဆင်းမှုကြောင့် ယင်းတို့၏ဘဏ်စာရင်းများကို ယွမ်ငွေဖြင့်သာ ထားရှိခွင့်ပေးရန် အစိုးရအား တောင်းဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly