စစ်ရေးလေ့ကျင့်မှုအတွင်း ထိုင်ဝမ်ပေါ်မှ တရုတ် ဒုံးကျည်များ ဖြတ်ပျံသန်း 

စစ်ရေးလေ့ကျင့်မှုအတွင်း ထိုင်ဝမ်ပေါ်မှ တရုတ် ဒုံးကျည်များ ဖြတ်ပျံသန်း 
Photo - AFP

ဩဂုတ် ၆

တရုတ်၏ နောက်ဆုံး စစ်ရေးလေ့ကျင့်မှုများအတွင်း ထိုင်ဝမ်ပေါ်မှ တရုတ်ဒုံးကျည်များ ဖြတ်ပျံသန်းခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက သောကြာနေ့တွင် ထုတ်ပြန်သည်။  

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပလိုစီ၏ ထိုင်ဝမ်သို့ လာရောက်သည့် ခရီးစဉ်ကြောင့် တရုတ်နိုင်ငံသည် ထိုင်ဝမ်ကျွန်းပတ်လည်၌ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ပြီး ဖိအားပေးလျက် ရှိသည်။ 

ကိုယ်ပိုင်အုပ်ချုပ်သည့် ထိုင်ဝမ်အား ၎င်း၏ ပိုင်နက်နယ်မြေဟု ရှုမြင်သော တရုတ်၏ ပြင်းထန်သော ခြိမ်းခြောက်မှုများကို မျက်ကွယ်ပြုပြီး ပလိုစီ၏ ခရီးစဉ်လာရောက်မှုသည် နှစ်များစွာအတွင်း ထိုင်ဝမ်သို့ အမေရိကန်အဆင့်မြင့် တာဝန်ရှိသူ ပထမဆုံး လာရောက်မှု ဖြစ်ခဲ့သည်။ 

ယင်းကို တုံ့ပြန်ပြီး တရုတ်သည် ထိုင်ဝမ်ပတ်လည်က ဇုန်နယ်မြေများတွ်င ကမ္ဘာ့ အသွားအလာအများဆုံး သင်္ဘောလမ်းကြောင်းများကိုပါမချန် စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်လာခြင်း ဖြစ်သည်။ 

အဆိုပါ စစ်ရေးလေ့ကျင့်မှုများ၌ ထိုင်ဝမ်ကျွန်းပေါ်မှ ဒုံးကျည်များ ပျံသန်းခဲ့လားဆိုခြင်းအား တရုတ်က တရာဝင် အတည်မပြုသေးသကဲ့သို့ ထိုင်ဝမ်ကလည်း ထောက်လှမ်းရေးစိုးရိမ်ပူပန်မှုကြောင့် ဒုံးကျည်များ ဖြတ်ပျံသလားဆိုခြင်းကို အတည်ပြုရန်နှင့် ဒုံးကျည်လမ်းကြောင်းကို ပြောဆိုရန် ငြင်းဆန်သည်။ 

သို့ရာတွင် ဒုံးကျည် ကိုးစင်းကို ထောက်လှမ်းတွေ့ရှိပြီး လေးစင်းမှာ “ထိုင်ဝမ်ကျွန်းမပေါ် ဖြတ်ပျံသန်းသည်ဟု ယုံကြည်ရကြောင်း” ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။ 

သောကြာနေ့တွင်မူ တရုတ်နိုင်ငံပိုင်မီဒီယာက တွစ်တာကဲ့သို့သော တရုတ်၏ Weibo လူမှုမီဒီယာတွင် “ထိုင်ဝမ်ကျွန်းပေါ် တရုတ်၏ သမရိုးကျဒုံးကျည်များ ဖြတ်ပျံသန်းခြင်းက မည်သို့ ဖြစ်နိုင်သနည်း”ဟု မေးမြန်းရေးသားဖော်ပြလာသည်ကို ကြည့်ရှုသူ ၄၃ ဒသမ ၇ သန်း ရှိခဲ့သည်။ 

“ကျည်စစ်ပစ်ခတ်မှုပါ ပါဝင်တဲ့ အခု ကျွန်တော်တို့ရဲ့ စစ်ရေးလေ့ကျင့်မှုဟာ ထိုင်ဝမ်ပေါ် ပထမဆုံး ဒုံးကျည်တွေ ဖြတ်ကျော်ပျံသန်းတာပဲ ဖြစ်တယ်”ဟု တရုတ် အမျိုးသားကာကွယ်ရေးတက္ကသိုလ်မှ ပါမောက္ခ မန် ရှင်ကျန်းက နိုင်ငံပိုင်ရုပ်သံ CCTV သို့ ပြောပြီး တရုတ်၏ စွမ်းဆောင်နိုင်စွမ်းကို ချီးကျူးခဲ့သည်။ 

ထိုင်ဝမ်၏ ကာကွယ်ရေး Patriot ဒုံးကျည်များ အမြောက်အမြား ဖြန့်ကြက်ထားသည့်အပေါ်မှ အဆိုပါ ဒုံးကျည်များ ဖြတ်ပျံခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။ 

စစ်ရေးလေ့ကျင့်မှုများအတွင်း စစ်တပ်သည် တိုက်လေယာဉ်နှင့် ဗုံးကြဲလေယာဉ်များ အပါအဝင် စစ်လေယာဉ် ၁၀၀ ကျော်နှင့်အတူ ဖျက်သင်္ဘောနှင့် ဖရီးဂိတ်သင်္ဘောများ ၁၀ ကျော်ပါ ပါဝင်ကာ စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံပိုင် ရှင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required