နိုင်ငံခြားသားနည်းပြများကို အချိန်ပေးရန် လိုအပ်ဟု သုံးသပ်

နိုင်ငံခြားသားနည်းပြများကို အချိန်ပေးရန် လိုအပ်ဟု သုံးသပ်
မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်(၆)အပြီးတွင် ထုတ်ပယ်ခံခဲ့ရသော ရူသာ(ဝဲ) နှင့် အီမာဆင် (ယာ)

ဖေဖော်ဝါရီ ၁၇ ၊ ရန်ကုန်။         ။ မြန်မာနေရှင်နယ်လိဂ်ကလပ် အသင်းများအနေဖြင့် နိုင်ငံခြားသားနည်းပြများကို အချိန်တစ်ခုပေးရန် လိုအပ်သည် ဟု နိုင်ငံခြားသားနည်းပြအချို့က သုံးသပ်ခဲ့ကြသည်။ ၂၀၁၆ ဘောလုံးရာသီ ၆ ပွဲသာကစားထားရသေးသော်လည်း မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းကြီးများတွင် နည်းပြအပြောင်းအလဲများရှိခဲ့ပြီး  ရန်ကုန်အသင်းမှ ဘရာဇီးနည်းပြ အီမာဆင်၊ ရှမ်းယူနိုက်တက်အသင်းမှ ဘရာဇီးနည်းပြ ရူသာတို့ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။

“ နည်းပြတိုင်းမှာ သူရဲ့စွမ်းဆောင်ရည်ကို ပြသဖို့ အချိန်လိုပါတယ်။ ဒါမှလည်း သူလိုချင်တဲ့ ကစားသမားတွေကို ခေါ်မယ်။ အသင်းကို ပြင်ဆင်နေရာချမယ်။ ပွဲကစားတဲ့အချိန်မှာ အသင်းကို ဘယ်လိုကိုင်တွယ်မယ်။ ဒါတွေအားလုံးသေချာလုပ်ပြီး အောင်မြင်မှု မရခဲ့ဘူးဆိုမှ အသင်းနဲ့ လမ်းခွဲတာမျိုး ဖြစ်သင့်ပါတယ်။ ဒီနိုင်ငံက နည်းပြမှ မဟုတ်ပါဘူး။ ဘယ်နည်းပြပဲ ဖြစ်ဖြစ် သူ့အတွက် အချိန်လိုပါတယ် ” ဟု ရန်ကုန်ယူနိုက်တက်အသင်း နည်းပြ မာယန်က သုံးသပ်ခဲ့သည်။

၂၀၁၆ ဘောလုံးရာသီတွင် မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းအများစုမှာ အောင်မြင်မှုရရှိရန်အတွက် ငွေကြေးသုံးစွဲမှုများပြုလုပ်ထားပြီး ပြိုင်ပွဲမှာ ပြိုင်ဆိုင်မှုပြင်းထန်နေသလို မထင်မှတ်သော ရလဒ်များလည်း ထွက်ပေါ်နေသည်။ ယခုနှစ် မြန်မာနေရှင်နယ်လိဂ်တွင် အသင်း ၁၂သင်းဝင်ရောက်ယှဉ်ပြိုင်နေရာ၌ အသင်း ၆သင်းက နိုင်ငံခြားသားနည်းပြနှင့် နည်းစနစ်ဒါရိုက်တာများခေါ်ယူ ထားသည်။

“ ဒီရာသီမှာ အသင်းတိုင်းက ပြင်ဆင်မှုတွေ ကောင်းလာတာနဲ့အမျှ နည်းပြတွေမှာလည်း စိန်ခေါ်မှုတွေ များလာပါတယ်။ လိဂ်က သတ်မှတ်လိုက်တဲ့ နိုင်ငံခြားသား သုံးယောက်စည်းမျဉ်းကလည်း အသင်းတွေအနေနဲ့ အနိုင်ရဖို့ ပိုခက်လာပါတယ်။ ကလပ်အသင်းကြီးလေ ငွေကြေးပိုသုံးလေ ပြင်ဆင်မှုတွေ များများလုပ်လေ အောင်မြင်မှုကို ပိုလိုချင်လာပါတယ်။ ကမ္ဘာမှာလည်း အဲဒီ့လိုတွေ ဖြစ်နေပါတယ်။ ဒီရာသီက နည်းပြတွေ အသင်းတွေအတွက် ခက်ခဲတဲ့ရာသီပါပဲ ” ဟု ဇေယျာရွှေမြေအသင်းမှ ပေါ်တူဂီလူမျိုးနည်းပြ ဖေဘီယာနို ကလည်း သူ့အမြင်ကို ပြောသည်။

၂၀၁၆ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်(၆)အပြီးတွင် အမှတ်ပေးဇယားကို ရတနာပုံကဦးဆောင်နေပြီး ဟံသာဝတီ၊ ဇွဲကပင်တို့က ဒုတိယနှင့် တတိယနေရာများတွင်အသီးသီးရပ်တည်နေသည်။ လက်ရှိပွဲစဉ်(၆)ပွဲကစားပြီးချိန်အထိ ဆောက်သမ်းအသင်းက နိုင်ပွဲလုံးဝမရသေးသလို သွင်းဂိုးလည်း နှစ်ဂိုးသာရထားသလို ဟော်ရဇွန်အသင်းကလည်း နိုင်ပွဲ တစ်ပွဲပဲရထားပြီး တန်းဆင်းဇုန်အတွင်းကျရောက်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly