ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ အစည်းအဝေးတွင် ပါကစ္စတန်နှင့် ရုရှား နိုင်ငံခြားရေးဝန်ကြီးများ သီးခြားတွေ့ဆုံမှု မရှိခဲ့ခြင်းက အံ့အားသင့်စရာ ဖြစ်စေခဲ့

ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ အစည်းအဝေးတွင် ပါကစ္စတန်နှင့် ရုရှား နိုင်ငံခြားရေးဝန်ကြီးများ သီးခြားတွေ့ဆုံမှု မရှိခဲ့ခြင်းက အံ့အားသင့်စရာ ဖြစ်စေခဲ့

ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး ဘီလာဝဲလ် ဘူတို ဇာဒါရီသည် ဇူလိုင် ၂၉ ရက်က ဥဇဘတ်ကစ္စတန်နိုင်ငံ တက်ရှ်ကန့်မြို့၌ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ၏ အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် သီးခြားစီ တွေ့ဆုံခဲ့သည်။ သို့သော် ဇာဒါရီသည် အိန္ဒိယ၊ ရုရှား နိုင်ငံခြားရေးဝန်ကြီးတို့နှင့် သီးခြားစီ တွေ့ဆုံခဲ့ခြင်း မရှိပေ။

ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး ဇာဒါရီအနေဖြင့် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာနှင့် သီးခြားတွေ့ဆုံရန် အလားအလာ မရှိခဲ့သော်လည်း ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ်နှင့် သီးခြားတွေ့ဆုံမှု မရှိခဲ့ခြင်းက အံ့အားသင့်စရာ ဖြစ်ခဲ့သည်။ ယခင်က ထိုကဲ့သို့သော ဒေသဆိုင်ရာ ဖိုရမ်များတွင် ပါကစ္စတန်နှင့် ရုရှား သံတမန်များအကြား သီးခြား တွေ့ဆုံဆွေးနွေးမှုများက ပုံမှန် လုပ်ရိုးလုပ်စဉ် ဖြစ်ခဲ့သည်။

သိသာထင်ရှားသည်မှာ ပါကစ္စတန် နိုင်ငံခြားရေးရုံးက အစောပိုင်းက ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ရာတွင် နိုင်ငံခြားရေးဝန်ကြီး ဘီလာဝဲလ် ဇာဒါရီသည် အိန္ဒိယမှ လွဲ၍ တရုတ်၊ ရုရှားနှင့် ကျန် SCO အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် သီးခြားစီ တွေ့ဆုံလိမ့်မည် ဖြစ်ကြောင်း ကြေညာထားခဲ့သည်။

သို့သော် လက်တွေ့တွင် ဘီလာဝဲလ် ဇာဒါရီနှင့် လက်ရော့ဗ်အကြား သီးခြားတွေ့ဆုံမှု မရှိခဲ့ပေ။ ဘီလာဝဲလ်သည် SCO အဖွဲ့၏ အခြားသော အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့်သာ တွေ့ဆုံခဲ့သည်။

ရုရှား နိုင်ငံခြားရေးဝန်ကြီး လက်ဗ်ရော့ဗ် တက်ရှ်ကန့်မြို့မှ ပြန်လည်ထွက်ခွာရာတွင် ထွက်ခွာချိန် နောက်ကျမှသာလျှင် ပါကစ္စတန်နှင့် ရုရှား နိုင်ငံခြားရေးဝန်ကြီးများအကြား အစည်းအဝေးပြုလုပ်ရန် အလွတ်သဘော အစီအစဉ် ရေးဆွဲထားခဲ့ကြောင်း သတင်းရင်းမြစ်များက The Express Tribune ကို ပြောသည်။

ဘီလာဝဲလ် ဇာဒါရီနှင့် လက်ဗ်ရော့ဗ်တို့သည် SCO အဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးများ ညစာစားပွဲတွင် အလွတ် သဘော တွေ့ဆုံခဲ့သော်လည်း အချိန်အကန့်အသတ်ကြောင့် နှစ်ဖက် နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံမှုကို စီစဉ်နိုင်ခဲ့ခြင်း မရှိကြောင်း သတင်းရင်းမြစ်များက အခိုင်အမာ ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required