တရုတ်က အင်ဒိုပစိဖိတ်ဒေသတွင် ဩဇာအာဏာပြနေ

တရုတ်က အင်ဒိုပစိဖိတ်ဒေသတွင် ဩဇာအာဏာပြနေ

တရုတ်သည် ကမ္ဘာ့မဟာဗျူဟာနှင့် ရည်ရွယ်ချက်များကို လုပ်ဆောင်ရာတွင် မကြာသေးမီနှစ်များအတွင်း ရည်မှန်းချက်ပိုမိုကြီးမားပြီး အတင့်ရဲလာသည်။

အထူးသဖြင့် ရေကြောင်းပိုင်နက် နယ်မြေအားလုံးတွင် ကျယ်ကျယ်ပြန့်ပြန့်တည်ရှိနေနိုင်ရန် အာရုံစိုက်ထားသလို နိုင်ငံနှင့်ဒေသဆိုင်ရာ ထိရှလွယ်မှုကို အလေးမထားဟန်ရှိသည့် မာန်ပါသောချဉ်းကပ်မှုဖြင့် တရုတ်နိုင်ငံအတွက် ရေကြောင်းဆိုင်ရာ အင်အားကြီးနိုင်ငံဖြစ်လာစေရန် လမ်းခင်းပေးလျက်ရှိသည်။

အင်ဒို-ပစိဖိတ်ဒေသသည် ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံများပါဝင်လျက် ကြီးမားသော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး အင်အားကြီးနိုင်ငံဖြစ်သောကြောင့် လွန်ခဲ့သည့်ဆယ်စုနှစ်အနည်းငယ်အတွင်း ဒေသတွင်း ရေပိုင်နက်ဆိုင်ရာ ကိစ္စရပ်များတွင်  တရုတ်က ဝင်စွက်ဖက်မှုတိုးမြှင့်လာခြင်းသည် ဒေသတွင်းတွင် သိသာထင်ရှားသော ပထဝီဝင်ဗျူဟာ ပြောင်းလဲမှု ဖြစ်ပေါ်စေခဲ့သည်ဟု European Times ကဖော်ပြခဲ့သည်။

စီးပွားရေး အကျိုးစီးပွားများနှင့် ၎င်း၏ပင်လယ်ရေကြောင်းကုန်သွယ်မှု အထူးသဖြင့် ရေနံစိမ်းတင်သွင်းမှု ဘေးကင်းရေး လိုအပ်ချက်များကြောင့် အင်ဒို-ပစိဖိတ်ဒေသအတွင်း တရုတ်နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကို အင်တိုက်အားတိုက်လုပ်ဆောင်လာခြင်းဖြစ်သည်။ 

တရုတ်၏ String of Pearls (ပုလဲသွယ်) စီမံကိန်းသည် တရုတ်၏ နောက်ထပ်ထင်ရှားသော ဗျူဟာ တစ်ခုဖြစ်သည်။ ဆူဒန်မှ ဟောင်ကောင်အထိ ပထဝီဝင်နိုင်ငံရေးအရ အရေးပါသော ဆိပ်ကမ်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခြင်းဖြင့် တရုတ်သည် အိန္ဒိယသမုဒ္ဒရာဒေသတွင် အရေးပါသောဆိပ်ကမ်းနေရာများကို လွှမ်းမိုးထားသည်။

နိုင်ငံ၏ ကြီးမားသော စစ်အင်အားနှင့် ရေတပ်နှင့် ပင်လယ်ရေကြောင်းကြောင်းဆိုင်ရာ စွမ်းရည်များ တိုးချဲ့မှုကြောင့် အာရှ-ပစိဖိတ်ဒေသတွင် တရုတ်နိုင်ငံ၏ ရေရှည်ရည်မှန်းချက်မှာ မေးခွန်းထုတ်စရာ ဖြစ်လာသည်။

ယင်းအရေးကြောင့် မဟာမိတ်အဖွဲ့များ၊ ပူးပေါင်းဆောင်ရွက်မှုများနှင့် စိုးရိမ်မှုများ ထွက်ပေါ်လာခဲ့ပြီး အများစုမှာ တရုတ်ကို သွယ်ဝိုက်၍သော်လည်းကောင်း တိုက်ရိုက်သော်လည်းကောင်း ဦးတည်နေသည်။

ယခုနှစ်မေလက ဒုတိယအကြိမ်မြောက် လူချင်းတွေ့ဆုံ၍ အစည်းအဝေးပြုလုပ်ခဲ့သည့် အိန္ဒိယ၊ အမေရိကန်၊ ဂျပန်နှင့်ဩစတြေးလျအပါအဝင် ၄နိုင်ငံ ဆွေးနွေးပွဲသည် ၎င်းတို့နယ်ပယ်အတိုင်းအတာကို ပိုမိုကျယ်ပြန့် လာစေသည်။ သို့သော် ပြီးပြည့်စုံသော ရေကြောင်းလုံခြုံရေးဖြစ်စေရေးတိုးမြှင့်ရန် နောက်ထပ်လုပ်စရာများ ရှိသေးသည်ဟု European Times တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly