ကနေဒါသည် ခါလစ်စတန် အကြမ်းဖက်သမားများအတွက် ဘေးကင်းခိုလှုံရာနေရာ ဖြစ်လာနေဟု ဆို  

By Asian Lite
04 August 2022
ကနေဒါသည် ခါလစ်စတန် အကြမ်းဖက်သမားများအတွက် ဘေးကင်းခိုလှုံရာနေရာ ဖြစ်လာနေဟု ဆို  

အိန္ဒိယနိုင်ငံ၌ လူသတ်မှုများ အပါအဝင် ပြစ်မှုကျူးလွန်သည့် လုပ်ရပ်အများအပြားတွင် ပါဝင်ပတ်သက်ထားသော ခါလစ်စတန် အကြမ်းဖက်သမားများနှင့် လူဆိုးဂိုဏ်းသားများအတွက် ကနေဒါနိုင်ငံက ဘေးကင်း လုံခြုံရာ နေရာတစ်ခု အလျင်အမြန် ဖြစ်လာကြောင်း ထောက်လှမ်းရေး အေဂျင်စီများရှိ သတင်းရင်းမြစ်များက ပြောသည်။
 
မေလ ၂၉ ရက် ပန်ဂျာဘီအဆိုတော် ဆစ်ဒူ မုစ်ဝါလာ အသတ်ခံရမှုဖြစ်ရပ်သည် အထက်ပါ အခြေအနေကို ထပ်မံ အလေးပေးဖော်ပြလျက်ရှိပြီး ကနေဒါ အခြေပြု လူဆိုးဂိုဏ်းအဖွဲ့ဝင်များက “အိန္ဒိယ၌ ပြစ်မှုများကို ထိန်းချုပ်ကိုင်တွယ်နေသည်” ဟု ထောက်လှမ်းရေး အေဂျင်စီများ၏ သတင်းရင်းမြစ်များနှင့် ရဲတပ်ဖွဲ့တို့က ပြောသည်။

“မုစ်ဝါလာရဲ့ အမှုကို စုံစမ်းစစ်ဆေးနေချိန်မှာ ဆာတင်ဒါဂျီး ဆင်းဂ် ခေါ် ဂိုဒီ ဘရာရဲ့ နာမည်က ရုတ်တရက် ပေါ်ထွက်လာပါတယ်။ ဒါပေမယ့် ကနေဒါ အာဏာပိုင်တွေဘက်က ပူးပေါင်းဆောင်ရွက်မှု မရှိတာကြောင့် သူ့ကို အိန္ဒိယဆီ ပြန်ခေါ်ဖို့ ဆိုတာက မလွယ်ကူလှပါဘူး” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ကနေဒါနိုင်ငံတွင် ခါလစ်စတန် အကြမ်းဖက်သမားများနှင့် အခြားသော လူဆိုးဂိုဏ်းဝင်များ ရှိနေမှုနှင့် စပ်လျဉ်းပြီး အိန္ဒိယ အာဏာပိုင်တို့က ကနေဒါအစိုးရထံ မှတ်တမ်းမှတ်ရာများ တင်ပြထားကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ သို့သော် လက်ရှိအချိန်အထိ ထိုကိစ္စနှင့် ပတ်သက်ပြီး အရေးယူ ဆောင်ရွက်မှု မရှိသေးပေ။

ဂျလန်ဟာတွင် ဟိန္ဒူဘုန်းကြီးတစ်ပါးကို သတ်ဖြတ်မှုနှင့် ဆက်နွယ်ပြီး ခါလစ်စတန် Tiger Force အဖွဲ့ အကြီးအကဲ ဟာ့ဒိ ဆင်းဂ် နီဂျာကို ဖမ်းဆီးနိုင်ရေး အိန္ဒိယ အမျိုးသား စုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) က များမကြာမီက ဆုငွေ ရူပီး ၁၀ သိန်း ထုတ်ကြောင်း ကြေညာခဲ့သည်။

နီဂျာသည် လက်ရှိတွင် ကနေဒါတွင် နေထိုင်လျက် ရှိပြီး အိန္ဒိယ၌ “Sikhs for Justice” အဖွဲ့၏ ခွဲထွက်ရေးနှင့် ရက်စက်ပြင်းထန်သော လုပ်ငန်းစဉ်ကို ထောက်ခံအားပေးလျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly