အိုင်အက်စ်အကျဉ်းသား ၁၈၀၀ ကို အကျဉ်းထောင်များမှ ပြန်လွှတ်ပေးခဲ့ကြောင်း တာလီဘန် နိုင်ငံခြားရေးဝန်ကြီး ပြော

By The Frontier Post
04 August 2022
အိုင်အက်စ်အကျဉ်းသား ၁၈၀၀ ကို အကျဉ်းထောင်များမှ ပြန်လွှတ်ပေးခဲ့ကြောင်း တာလီဘန် နိုင်ငံခြားရေးဝန်ကြီး ပြော

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်ကို တာလီဘန်အဖွဲ့ ထိန်းချုပ်သွားနိုင်ခဲ့ချိန် ဘာဂရမ်နှင့် ပူလ်-အီ-ချာခီ အကျဉ်းထောင်များမှ အိုင်အက်စ် (ISIS) စစ်သွေးကြွ ၁၈၀၀ ခန့်ကို ပြန်လွှတ်ပေးခဲ့သည်ဟု တာလီဘန် ခေတ္တနိုင်ငံခြားရေး ဝန်ကြီး အာမီရာ ခန်း မွတ်တာကီက ပြောသည်။ 

မွတ်တာကီသည် ဥဇဘတ်ကစ္စတန်နိုင်ငံ၏ မြို့တော်တွင် ကျင်းပသည့် တက်ရှ်ကန့် နိုင်ငံတကာ ညှိနှိုင်းဆွေးနွေးပွဲ တွင် အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

တာလီဘန် နိုင်ငံခြားရေးဝန်ကြီးသည် တက်ရှ်ကန့် ညှိနှိုင်းဆွေးနွေးပွဲ၌ မိန့်ခွန်းပြောစဉ် အိုင်အက်စ် အကျဉ်းသားများကို ပြန်လွှတ်ပေးခဲ့ကြောင်းကို ဝန်ခံခဲ့ခြင်း ဖြစ်သည်။ သို့သော် အာဖဂန်နစ္စတန်တွင် ပြီးခဲ့သည့် ၁၁ လကြာ တာလီဘန်အစိုးရ အုပ်ချုပ်မှုကာလအတွင်း တာလီဘန်အဖွဲ့သည် အိုင်အက်စ် တိုက်ခိုက်ရေး သမားများကို နှိမ်နင်းရန် လုံလောက်သည့် အင်အားမျိုးအထိ ကြီးထွားလာခဲ့သည်ဟု မွတ်တာကီက ပြောသည်။

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ဂျော့ဇ်ဂျန် ပြည်နယ်တွင် တာလီဘန်တို့က အိုင်အက်စ်အဖွဲ့ဝင်များကို ဝိုင်းထားမိခဲ့ချိန် ယခင်အစိုးရသည် ၎င်းတို့ကို ကဘူးလ်သို့ လေယာဉ်ဖြင့် တင်ခေါ်သွားခဲ့သည်ဟု မွတ်တာကီက ပြောသည်။ ပြီးခဲ့သည့် ၁၁ လအတွင်း အဆိုပါ တူညီသော အိုင်အက်စ်အဖွဲ့သည် အာဖဂန်နစ္စတန်တွင် မတည်မငြိမ်မှုကို ဖြစ်ပေါ်စေခဲ့ကြောင်း မွတ်တာကီက ထပ်မံပြောဆိုသည်။

ပူလ်-အီ-ချာခီနှင့် ဘာဂရမ် အကျဉ်းထောင်များမှ အစွန်းရောက်ဝါဒီ အစ္စလမ္မစ် အိုင်အက်စ်အကျဉ်းသားများကို တာလီဘန်တို့ ပြန်လွှတ်ပေးခဲ့ခြင်းက အဖွဲ့ကို ပိုမို အားကောင်းစေခဲ့သည်ဟု အစောပိုင်းက အမေရိကန် တာဝန်ရှိသူများက ပြောခဲ့သည်။

တာလီဘန်တို့သည် ယမန်နှစ်က အာဖဂန်၏ ပြည်နယ်တိုင်းကို ထိန်းချုပ်နိုင်ခဲ့ပြီးနောက် အကျဉ်းသားအားလုံးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ရာတွင် အဆိုပါအဖွဲ့ ကဘူးလ်ကို ထိန်းချုပ်နိုင်ခဲ့ချိန်တွင် ထိုနိုင်ငံရှိ ထိန်းသိမ်းရေး စခန်းများနှင့် အကျဉ်းထောင်များအားလုံး၌ အကျဉ်းသားမရှိတော့ဘဲ ဖြစ်နေခဲ့သည်။

နိုင်ငံ၌ အိုင်အက်စ်အဖွဲ့က လက်တွေ့ ရပ်တည်နေခြင်း မရှိကြောင်းနှင့် ထိုအဖွဲ့သည် ခြိမ်းခြောက်မှုတစ်ခုကို ဖြစ်ပေါ်စေခြင်း မရှိကြောင်း တာလီဘန်တို့က အကြိမ်ကြိမ် အလေးထား ပြောခဲ့သော်လည်း အာဖဂန်တွင် တာလီဘန်တို့ ထိန်းချုပ်ပြီးနောက်ပိုင်း ဗလီများ၊ စာသင်ကျောင်းများနှင့် ကားများကို ပစ်မှတ်ထားပြီး လူသေဆုံးစေသော တိုက်ခိုက်မှုများကို လုပ်ဆောင်ထားခဲ့ကြောင်း အိုင်အက်စ်အဖွဲ့က ထုတ်ဖော်ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required