အင်ဒို-ပစိဖိတ်ဒေသတင်းမာမှုများ မြင့်တက်နေချိန် အမေရိကန်နှင့် အင်ဒိုနီးရှားက ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်

အင်ဒို-ပစိဖိတ်ဒေသတင်းမာမှုများ မြင့်တက်နေချိန် အမေရိကန်နှင့် အင်ဒိုနီးရှားက ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်

အင်ဒို-ပစိဖိတ်ဒေသ၌ တရုတ်နှင့်ပတ်သက်သောစိုးရိမ်မှုများ တိုးလာနေချိန်တွင် အင်ဒိုနီးရှားနှင့် အမေရိကန်တို့သည် အခြားသောနိုင်ငံများနှင့်အတူ အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းတွင် ပူးတွဲ တိုက်ခိုက်ရေးလေ့ကျင့်မှုကို စတင်လိုက်ပြီး ဒေသတွင်းတွင် တရုတ်နိုင်ငံ၏ ကြီးထွားလာသော ရေကြောင်းလှုပ်ရှားမှုအကြား ပိုမိုခိုင်မာသော ဆက်ဆံရေးကို အချက်ပြလိုက်ခြင်းဖြစ်သည်။

 စစ်ရေးလေ့ကျင့်မှုတွင် အင်ဒိုနီးရှားမှ စစ်သား ၅ ၀၀၀ ထက်မနည်းပါဝင်ပြီး နှစ်စဉ်ကျင်းပလေ့ရှိသည့် စစ်ရေးလေ့ကျင့်မှုဖြစ်ကာ ယခုနှစ်သည် ဒေသတွင်း တရုတ်နှင့် တင်းမာမှုများ မြင့်တက်နေချိန်  အင်အားအများဆုံးပါဝင်သည့်လေ့ကျင့်မှုဖြစ်ကြောင်း Al Jazeera က ဖော်ပြသည်။

 Garuda Shield ဟုခေါ်သော နှစ်စဉ်စစ်ရေးလေ့ကျင့်မှုကို ၂၀၀၉ ခုနှစ်ကတည်းက ကျင်းပလာခြင်း ဖြစ်သော်လည်း ယခုနှစ်တွင် ဩစတြေးလျနှင့်ဂျပန်အပါအဝင် အခြားနိုင်ငံများစွာကလည်း ပါဝင်ခဲ့ကြသဖြင့် အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုဖြစ်လာခဲ့သည်။
 

အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် ဩဂုတ် ၃ ရက်တွင် စတင်ခဲ့ပြီး လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသဖြစ်ရေး ပံ့ပိုးကူညီရာတွင် အချက်အလက်များဖလှယ်မှု၊ စွမ်းရည်၊ ယုံကြည်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုကို အားကောင်းစေရန် ရည်ရွယ်ထားကြောင်း ဂျကာတာရှိ အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 “ဒါဟာ အရေးပါတဲ့ ဒေသမှာ မြေပြင်တပ်ဖွဲ့တွေအကြား အမေရိကန်-အင်ဒိုနီးရှား ရင်းနှီးမှုနဲ့ တိုးတက်လာတဲ့ ဆက်ဆံရေးဆိုင်ရာ သင်္ကေတတစ်ခုဖြစ်ပါတယ်” ဟု  ပစိဖိတ်ဒေသအမေရိကန်ကွပ်ကဲရေးဗိုလ်ချုပ် ချားလ်စ်ဖလင်းက ပြောသည်။

 ဆူမားတြားပြည်နယ်ရှိ ဘာတူရာဂျာ ကမ်းရိုးတန်းမြို့တွင် ဩဂုတ် ၃ ရက် မနက်ပိုင်းက ဖလင်းနှင့်အင်ဒိုနီးရှား စစ်တပ်အကြီးအကဲ အန်ဒီကာပါကာဆာက ပူးတွဲစစ်ရေးလေ့ကျင့်မှုဖွင့်ပွဲပြုလုပ်ခဲ့သည်။

 ကြည်းတပ်၊ ရေတပ်၊ လေတပ်နှင့် ရေကြောင်း စစ်ရေးလေ့ကျင့်မှုတို့ ပါဝင်သည့် အဆိုပါ စစ်ရေး လေ့ကျင့်မှုများသည် သြဂုတ် ၁၄ ရက်အထိ ကြာမြင့်မည် ဖြစ်ကြောင်း Al Jazeera သတင်းဌာနက ဖော်ပြသည်။

 အင်ဒိုနီးရှားနှင့် တရုတ်နိုင်ငံတို့သည် ယေဘုယျအားဖြင့် အပြုသဘောဆောင်သော ဆက်ဆံရေးရှိသော်လည်း အင်ဒိုနီးရှားသည် တောင်တရုတ်ပင်လယ်ရှိ ၎င်း၏ သီးသန့်စီးပွားရေးဇုန်တွင် တရုတ်ပါဝင်ပတ်သက်မှုအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

အမေရိကန်-အင်ဒိုနီးရှား စစ်ရေးလေ့ကျင့်မှုသည် ဩဂုတ် ၂ ရက်နှောင်းပိုင်းက အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပလိုစီ ထိုင်ဝမ်ကို ရောက်ရှိလာချိန်နှင့် တိုက်ဆိုင်နေပြီး ၂၅ နှစ်တာကာလအတွင်း အမေရိကန် အဆင့်မြင့်ဆုံး အရာရှိတစ်ဦးအနေဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်သို့ ရောက်လာခဲ့ခြင်းဖြစ်သည်။


နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly