ထိုင်ဝမ်အနီး တရုတ်စစ်ရေးလေ့ကျင့်မှုမှ ပဲ့ထိန်းဒုံးကျည်များ ဂျပန်ရေပြင်ဆီ ကျရောက်ခဲ့ဖွယ် ရှိ 

ထိုင်ဝမ်အနီး တရုတ်စစ်ရေးလေ့ကျင့်မှုမှ ပဲ့ထိန်းဒုံးကျည်များ ဂျပန်ရေပြင်ဆီ ကျရောက်ခဲ့ဖွယ် ရှိ 

ဩဂုတ် ၅

တရုတ်မှ ပစ်လွှတ်သော ပဲ့ထိန်းဒုံးကျည် ငါးစင်းသည် ဂျပန်၏ အထူးစီးပွားရေးဇုန် EEZ ၏ ရေပြင်အတွင်း ကျရောက်ခဲ့ဖွယ် ရှိသည်ဟု ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။ 

တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် သတိပေးနေသည့်ကြားမှပင် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပလိုစီသည် ကိုယ်ပိုင်အုပ်ချုပ်သော ထိုင်ဝမ်ကျွန်းဆီ လာရောက်ခဲ့ပြီးနောက်၌ တရုတ်သည် ထိုင်ဝမ်ပတ်လည်၌ ၎င်း၏ အကြီးဆုံး စစ်ရေးလေ့ကျင့်မှုကို ကြာသပတေးနေ့တွင် လုပ်ဆောင်ခြင်း ဖြစ်သည်။ 

ဂျပန် အထူးစီးပွားရေးဇုန်သည် ဂျပန်ပိုင်နက်ရေပြင် အကန့်အသတ်နှင့် ထိုင်ဝမ်နှင့် နီးကပ်သော ဂျပန်၏ တောင်ဘက်စွန်း အိုကီနာဝါဒေသအစိတ်အပိုင်းများကို ကျော်လွန်ကာ ဂျပန်ကမ်းရိုးတန်းမှ ရေမိုင် ၂၀၀ အထိ ရှိသည်။ 

“တရုတ်ပစ်လွှတ်တဲ့ ပဲ့ထိန်းဒုံးကျည် ကိုးစင်းမှာ ငါးစင်းက ဂျပန်ရဲ့ EEZ ဇုန်ထဲ ကျရောက်ခဲ့ဖွယ်ရှိတယ်”ဟု ဂျပန်ကာကွယ်ရေးဝန်ကြီး နိုဘူအို ကီရှီက သတင်းထောက်များအား ကြာသပတေးနေ့တွင် ပြောသည်။ 

ဂျပန်နိုင်ငံအနေဖြင့် သံတမန်လမ်းကြောင်းမှတစ်ဆင့် တရုတ်ကို ကန့်ကွက်ထားသည်ဟု ကီရှီက ပြောပြီး “ဒီအရေးဟာ ကျွန်တော်တို့ရဲ့ အမျိုးသား လုံခြုံရေးနဲ့ ကျွန်တော်တို့ နိုင်ငံသားတွေ ဘေးကင်းလုံခြုံမှုကို သက်ရောက်တဲ့ အရေးကြီးတဲ့ ပြဿနာတစ်ရပ်ပဲ ဖြစ်တယ်”ဟု ပြောဆိုသည်။ 

တရုတ်က ပစ်လွှတ်သည့် ဒုံးကျည်များ၏ ပုံရိပ်များကို ဂျပန်ဘက်က အကဲဖြတ်ခဲ့ကြောင်း ကီရှီက ပြောပြီး ဒုံးကျည် ငါးစင်းက အိုကီနာဝါ၏ ဟာတီရူမာကျွန်း ကမ်းလွန်ရေပြင်ထဲ ကျရောက်သွားပုံပေါ်ကြောင်း ထပ်လောင်းပြောသည်။ ယင်းသည် တရုတ်၏ ပဲ့ထိန်းဒုံးကျည်များ ဂျပန် EEZ ဇုန်အတွင်း ပထမဆုံး ကျရောက်ခြင်းပဲ ဖြစ်သည်ဟု ကီရှီက ပြောသည်။ 

ထိုင်ဝမ်ပတ်လည်က တရုတ်၏ စစ်ရေးလေ့ကျင့်မှုများကို “ချက်ချင်းရပ်ရန်” ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာစာ ဟာယာရှီကလည်း တိုက်တွန်းသည်။ 

“ခုချိန်မှာ တရုတ်ရဲ့ လုပ်ရပ်တွေဟာ ဒေသတွင်းနဲ့ နိုင်ငံတကာအသိုင်းအဝန်း တည်ငြိမ်အေးချမ်းရေးအပေါ် ပြင်းပြင်းထန်ထန် သက်ရောက်နေတယ်”ဟု အာဆီယံ အစည်းအဝေးသို့ တက်ရောက်နေရာ ဖနွမ်းပင်တွင် သတင်းထောက်များအား ဟာယာရှီက ပြောသည်။ 

“ဒီ စစ်ရေးလေ့ကျင့်မှုကို ချက်ချင်းရပ်ဖို့ ကျွန်တော် နောက်ထပ်တစ်ကြိမ် ထပ်တောင်းဆိုပါတယ်”ဟု ၎င်းက ပြောခဲ့သည်။ 

မိုးသဲ ဘာသာပြန်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required