အမေရိကန် ပြစ်တင်သည့်ကြားမှပင် ထိုင်ဝမ်ပတ်လည်၌ တရုတ်က ဆက်လက်စစ်ရေးလေ့ကျင့်မည် 

အမေရိကန် ပြစ်တင်သည့်ကြားမှပင် ထိုင်ဝမ်ပတ်လည်၌ တရုတ်က ဆက်လက်စစ်ရေးလေ့ကျင့်မည် 
Photo - AFP

ဩဂုတ် ၅

အမေရိကန်၊ ဂျပန်နှင့် ဥရောပသမဂ္ဂတို့က ထုတ်ပြန်ချက်များ ထုတ်ကာ ပြစ်တင်ဝေဖန်နေသည့်ကြားမှပင် တရုတ်နိုင်ငံသည် ထိုင်ဝမ်ပတ်လည်၌ ၎င်း၏ အကြီးစား စစ်ရေးလေ့ကျင့်မှုများနှင့်အတူ သောကြာနေ့တွင် ဆက်လက်၍ ဖိအားပေးနေဆဲ ဖြစ်သည်။ 

ထိုင်ဝမ်ပတ်လည်၌ ပဲ့ထိန်းဒုံးကျည်များ ပစ်လွှတ်ခြင်းနှင့် တိုက်လေယာဉ်များ ဖြန့်ကြက်ခြင်းကို တရုတ်၏ ဆုံးဖြတ်လုပ်ဆောင်ချက်ကြောင့် အမေရိကန်က ဝေဖန်ရှုတ်ချထားသည်။ ကိုယ်ပိုင်အုပ်ချုပ်သည့် ဒီမိုကရေစီ ထိုင်ဝမ်ကျွန်းဆီ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပလိုစီ၏ လာရောက်လည်ပတ်ခြင်းအပေါ် တရုတ်က လွန်လွန်ကဲကဲ တုံ့ပြန်နေသည်ဟု အမေရိကန်က ပြောဆိုထားသည်။ 

နှစ်များစွာအတွင်း ထိုင်ဝမ်သို့ အဆင့်မြင့် အမေရိကန် တာဝန်ရှိသူ လာရောက်မှုအဖြစ် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌသည် တရုတ်၏ ပြင်းထန်သည့် ခြိမ်းခြောက်မှုများကို မျက်ကွယ်ပြုပြီး လာရောက်ခဲ့ခြင်းဖြစ်သည်။ ထိုင်ဝမ်အား တရုတ်က ၎င်း၏ ပိုင်နက်နယ်အဖြစ် ရှုမြင်ထားသည်။ 

ထိုသို့ ပလိုစီ၏ လာရောက်မှုကို လက်တုံ့ပြန်ပြီး တရုတ်သည် ကြာသပတေးနေ့၌ ထိုင်ဝမ်ပတ်လည်ရှိ နယ်မြေဇုန် တော်တော်များများတွင် စစ်ရေးလေ့ကျင့်မှုများကို လုပ်ဆောင်သည်။ ကမ္ဘာတွင် ရေကြောင်းအသွားအလာအများဆုံး နေရာများနှင့် ထိုင်ဝမ်ကမ်းခြေမှ ၁၂ မိုင်အတွင်း နေရာများတွင်ပါ စစ်ရေးလေ့ကျင့်ခြင်း ဖြစ်သည်။ 

ထိုစစ်ရေးလေ့ကျင့်မှုများတွင် ထိုင်ဝမ်အရှေ့ပိုင်းရေပြင်၌ ‘သမရိုးကျ ဒုံးကျည်များ ပစ်လွှတ်တိုက်ခိုက်ခြင်း’ လေ့ကျင့်မှုလည်း ပါဝင်ကြောင်း တရုတ်စစ်တပ်က ပြောသည်။ တနင်္ဂနွေနေ့ နေ့လယ်အထိ ဆက်လက်၍ စစ်ရေးလေ့ကျင့်သွားမည်ဟု တရုတ်က ပြောထားသည်။ 

စစ်ရေးလေ့ကျင့်မှုများတွင် တရုတ်စစ်တပ်သည် တိုက်လေယာဉ်များနှင့် ဗုံးကြဲလေယာဉ်များ အပါအဝင် စစ်လေယာဉ် ၁၀၀ ကျော်ထက်မနည်း ပျံသန်းသကဲ့သို့ ဖျက်သင်္ဘောနှင့် ဖရီးဂိတ်သင်္ဘော ၁၀ စီးကျော်ပါ ပါဝင်ခဲ့သည်ဟု တရုတ်နိုင်ငံပိုင် ရှင်ဟွာသတင်းက ဖော်ပြသည်။ 

ထိုင်ဝမ်ပေါ် ဖြတ်သန်းသွားသည့် တရုတ်ဒုံးကျည်များကိုလည်း နိုင်ငံပိုင်ရုပ်သံ CCTV က ထုတ်လွှင့်ပြသခဲ့သည်။ 

တရုတ်စစ်တပ်သည် အသုတ်လိုက်အဖြစ် Dongfeng အမျိုးအစား ပဲ့ထိန်းဒုံးကျည် ၁၁ စင်းကို ပစ်လွှတ်ကြောင်း ထိုင်ဝမ်က ပြောပြီး ဂျပန်ကလည်း ဒုံးကျည် ကိုးစင်းကို ထောက်လှမ်းတွေ့ရှိကာ လေးစင်းမှာ ထိုင်ဝမ်ကျွန်မကြီးပေါ် ဖြတ်ပျံသွားဖွယ်ရှိသည်ဟု အတည်ပြုပြောဆိုသည်။ 

သို့ရာတွင် ကျွန်းပေါ်မှ ဒုံးကျည်များ ဖြတ်သန်းသည်ကို အတည်မပြုနိုင်ကြောင်း ထိုင်ဝမ်က ပြောသည်။ 

“တရုတ်ရဲ့ ဒုံးကျည်တွေ ပစ်လွှတ်တဲ့ အဓိက ရည်ရွယ်ချက်က မိမိတို့ကို ခြိမ်းခြောက်တာ ဖြစ်တာမို့ စစ်တပ်ရဲ့ စုံစမ်းထောက်လှမ်းရေး စွမ်းရည်နဲ့ပတ်သက်ပြီး ကာကွယ်ဖို့ မိမိတို့အနေနဲ့ ဒုံးကျည်တွေ ဖြတ်ပျံတယ်ဆိုတဲ့ သတင်းမျိုးကို ထုတ်ပြန်မှာ မဟုတ်ဘူး”ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်၌ ဆိုထားသည်။ 

မိုးသဲ ဘာသာပြန်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required