အရှေ့တောင်အာရှနှင့် စီးပွားရေးဆက်ဆံမှု နက်ရှိုင်းမည့် အစီအမံများ အိုဘားမားကြေညာ

အရှေ့တောင်အာရှနှင့် စီးပွားရေးဆက်ဆံမှု နက်ရှိုင်းမည့် အစီအမံများ အိုဘားမားကြေညာ

ရန်ချိုမီရတ်ဂျ်၊ ဖေဖော်ဝါရီ ၁၇ ။              ။ အမေရိကန်သမ္မတဘားရက်အိုဘားမားက အရှေ့တောင်အာရှနိုင်ငံများနှင့် စီးပွားရေးဆက်ဆံမှု ကျယ်ပြန့်နက်ရှိုင်းစေမည့် လုပ်ဆောင်မှုအစီအမံများ ကိုကြေညာခဲ့ပြီး လျင်မြန်စွာတိုးတက်နေသော ယင်းဒေသမှာ ပို၍အရေးပါသည့် ကုန်သွယ်ရေးပါတနာတစ်ဦးဖြစ်နိုင်ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။

အစီအစဉ်က စီးပွားရေးညိနှိုင်းဆောင်ရွက်မှုပိုမိုကောင်းမွန်စေရန်နှင့် နောက်ထပ် အမေရိကန်စွန့်ဦးထီထွင်လုပ်ငန်းရှင်များ၊ ရင်းနှီးမြုပ်နှံသူများနှင့် စီးပွားရေးလုပ်ငန်းများ တစ်ခုနှင့်တစ်ခုပိုမို ဆက်သွယ်နိုင်စေရန် ဂျာကာတာ၊ ဘန်ကောက်နှင့် စင်ကာပူတို့တွင် စီးပွားရေးရုံးများ ဖွင့်လှစ်သွားမည်ဟု သိရသည်။

အာဆီယံ ၁၀ နိုင်ငံမှ ကိုယ်စားလှယ်များသည် ကယ်လီဖိုးနီးယားတွင် အိုဘားမားနှင့် ဖေဖော်ဝါရီ ၁၅ရက်ကတည်းက တွေ့ဆုံဆွေးနွေးလျက်ရှိသည်။ အာဆီယံသည် တရုတ်၏ဒေသတွင်း စိုးမိုးမှုကို ချိန်ခွင်လျှာမဲတင်းမည့်အရာအဖြစ် အိမ်ဖြူတော်က ရှုမြင်သည်။

အာဆီယံနိုင်ငံများသည် အမေရိကန်၏ စတုတ္ထမြောက် အကြီးဆုံးကုန်သွယ်ရေးပါတနာဖြစ်သည်။ အိမ်ဖြူတော်က ထုတ်ပြန်သော စာရင်းများအရ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု နှစ်ဖက် ကုန်သွယ်မှု တန်ဘိုးမှာ ၁၉၉၀ပြည့်နှစ်များနောက်ပိုင်း သုံးဆတိုးလာပြီး ၂၀၁၄က အမေရိကန်ဒေါ်လာ ၂၅၄ဘီလျံကျော်ရှိလာခဲ့ရာ အမေရိကန်တွင် အလုပ်အကိုင် ငါးသိန်းဝန်းကျင်ကို ဖန်တီးပေးနိုင်ခဲ့သည်။

"ကျွန်မတို့ အာဆီယံနဲ့ စီးပွားရေးဆက်ဆံမှု နက်ရှိုင်းကျယ်ပြန့်အောင်လုပ်နေပါတယ်"ဟု အာဆီယံဆိုင်ရာ အမေရိကန်သံအမတ် နီနာဟာချီဂျန်က ပြောသည်။

အာဆီယံစီးပွားရေးများက နုပျိုပြီး လျင်မြန်စွာတိုးတက်လျက်ရှိသော်လည်း ကဏ္ဍအများအပြားမှာ အစိုးရ သို့မဟုတ် သြဇာရှိလူတစ်စုက ထိန်းချုပ်ထားသေးသည်။

သို့သော်လည်း အင်ဒိုနီးရှားကဲ့သို့နိုင်ငံများမှာ ဈေးကွက်ဖွင့်စပြုနေပြီဖြစ်သည်။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအတွက် စီးပွားရေးကိုဖွင့်ပေးမည့် လုပ်ဆောင်ချက်များကို အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက မကြာသေးမီက ကြေညာခဲ့သည်။ ယင်းကြေညာချက်အား ဝါရှင်တန်က ကြိုဆိုခဲ့သည်။

ပစိဖိတ်ဖြတ်ကျော်မိတ်ဖက်ကုန်သွယ်ရေးအဖွဲ့(TPP)၏ အဓိကအချက်များနှင့် အဖွဲ့သို့ဝင်နိုင်မည့် ပြုပြင်ပြောင်းလဲမှုများကို အာဆီယံနိုင်ငံအားလုံးနားလည်စေရန် စတင်ကြိုးပမ်းနေပြီဖြစ်ကြောင်း အိုဘားမားက ပြောကြားခဲ့သည်။ အခြားဆောင်ရွက်မှုများတွင် ဆက်သွယ်ရေး၊ အခြေခံအဆောက်အအုံ၊လက်ရှိအစိုးရအစီအစဉ်များ ချောမွေ့ရေးတို့ပါဝင်သည်။

ထို့အပြင် မဲခေါင်အထက်ပိုင်းတစ်လျှောက် ဆည်များဆောက်ကာ တရုတ်ကတက်ကြွနေသည့် နယ်ပယ်တစ်ခုဖြစ်သော လျပ်စစ်စွမ်းအင်ကဏ္ဍလည်း ပါဝင်သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly