ရန်ကုန်တိုင်းလွှတ်တော်တွင် ဖွဲ့စည်းရမည့် ကော်မတီ ၉ခုတွင် ဥပဒေကြမ်း နှင့် ဘဏ္ဍာ/စီမံကော်မတီဖွဲ့စည်းပြီး

ရန်ကုန်တိုင်းလွှတ်တော်တွင် ဖွဲ့စည်းရမည့် ကော်မတီ ၉ခုတွင် ဥပဒေကြမ်း နှင့် ဘဏ္ဍာ/စီမံကော်မတီဖွဲ့စည်းပြီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ ။ ။ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကော်မတီ(၉)ခု ဖွဲ့စည်းမည်ဖြစ်ပြီး တတိယနေ့တွင် ဥပဒေကြမ်းကော်မတီနှင့် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီတို့ကို ဖွဲ့စည်းကာ ဥက္ကဋ္ဌ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များကို ကြေညာလိုက်သည်။

ဖေဖော်ဝါရီ ၁၇ရက်က ကျင်းပသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယနေ့တွင် လွှတ်တော် ဥက္ကဋ္ဌက ယခုကဲ့သို့ ကြေညာခဲ့ခြင်း ဖြစ်သည်။

"ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ် ဒေသန္တရ စီမံကိန်းဥပဒေကြမ်းနှင့် ၂၀၁၆ ခုနှစ် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတင်သွင်းလာသည့်အတွက် ဖွဲ့စည်းရခြင်း ဖြစ်ပါတယ်။ ကော်မတီများအနေဖြင့် လွှတ်တော်အစည်းဝေးကြီး၏ ပြင်ပတွင် လွှတ်တော်ငယ်လေးများအဖြစ် ဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက ပြောသည်။

လွှတ်တော် ဒုတိယနေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဒေသန္တရ စီမံကိန်းဥပဒေကြမ်းနှင့် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်း တင်သွင်းခဲ့သည့်အတွက် ယခုကဲ့သို့ ဖွဲ့စည်းရခြင်း ဖြစ်ကြောင်းလည်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

"ဒါပိုပြီးတော့ ဒီမိုကရက်တစ်ဖြစ်လာတာပေါ့။ ကော်မတီ(၉)ရပ်ဖွဲ့မယ်လို့ ဥက္ကဋ္ဌကြီးက ပြောသွားတယ်။ ပြီးတော့ အရင်တုန်းက မဖွဲ့ခဲ့တဲ့ စီးပွားရေးနဲ့ စီမံကိန်းကော်မတီပေါ့နော်။ ဒေါ်စန္ဒာမင်းဥက္ကဋ္ဌ၊ အတွင်းရေးမှူး တစ်ယောက်ပါတဲ့ အဖွဲ့ဝင် (၁၁)ဦးပါတဲ့ ကော်မတီတစ်ရပ် ဒီနေ့ဖွဲ့တယ်။ ပြီးတော့ ဥပဒေကြမ်းကော်မတီဖွဲ့တယ်။ ဒါက ပိုပြီးတော့ ချက်အင်ဘဲလန့် ဖြစ်လာတာပေါ့"ဟု ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။

ကော်မတီနှစ်ရပ်တွင် အဖွဲ့ဝင် (၁၁)ဦးစီပါဝင်ကာ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌအဖြစ် တာမွေမြို့နယ် မဲဆန္ဒ နယ်အမှတ်(၂)မှ ဦးသိန်းမြင့်နှင့် အတွင်းရေးမှူးအဖြစ် လှိုင်သာယာမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဝင်း မောင် တို့ကို ရွေးခြယ်တာဝန်ပေးခဲ့ပြီး ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ ဥက္ကဋ္ဌအဖြစ် ဆိတ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါ်စန္ဒာမင်းနှင့် ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးကျော်ဇေယျတို့အား လွှတ်တော် ဥက္ကဋ္ဌက ရွေးခြယ်တာဝန်ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly