အာဖဂန်တွင် စီးပွားရေး အကျပ်အတည်းကြောင့် မိသားစုများနှင့် ကလေးများ အုတ်စက်ရုံများ၌ မဖြစ်မနေ အလုပ်ဝင်လုပ်နေကြရ

အာဖဂန်တွင် စီးပွားရေး အကျပ်အတည်းကြောင့် မိသားစုများနှင့် ကလေးများ အုတ်စက်ရုံများ၌ မဖြစ်မနေ အလုပ်ဝင်လုပ်နေကြရ

အာဖဂန်နစ္စတန်တွင် တာလီဘန် ထိန်းချုပ်ပြီးနောက် ပေါ်ထွက်လာသည့် စီးပွားရေး ပြဿနာများကြောင့် မိသားစုများနှင့် ကလေးငယ် အများအပြားသည် စားသောက်ရေးအတွက် ငွေရှာရန် အုတ်စက်ရုံများ၌ မဖြစ်မနေ အလုပ်ဝင်လုပ်နေကြရသည်။

အုတ်စက်ရုံ သုံးရုံတည်းမှာပင် မိသားစု ၁၇၀ စုနှင့် ၎င်းတို့၏ ကလေးများသည် အလုပ်ကြမ်းသမားများအဖြစ် ဝင်ရောက်လုပ်ကိုင်လျက် ရှိသည်ဟု အုတ်စက်ရုံပိုင်ရှင်များကို ကိုးကားပြီး Tolo News က ဖော်ပြသည်။

 “အုတ်ဖုတ်တဲ့ အလုပ်လုပ်နေကြတဲ့ မိသားစုပေါင်း ၁၇၀ အထိရှိပါတယ်။ နောက်ပြီး မိသားစု မပါဘဲ ဒီမှာ လာလုပ်နေကြတဲ့ အခြားလူပေါင်း ၆၀ လောက်လည်း ရှိပါတယ်။ ဒီ မိသားစုအားလုံးဟာ ဂျလာလာဘတ်ကနေ လာကြသူတွေ ဖြစ်တယ်” ဟု အုတ်စက်ရုံတစ်ရုံ၏ ပိုင်ရှင် အေဝိုဇူဘီလာက ပြောသည်။

ကျောက်မီးသွေးဈေးနှုန်း မြင့်တက်ပြီးနောက် အဆိုပါ စက်ရုံများရှိ အလုပ်သမားများ၏ ဝင်ငွေသည် လျော့ကျသွားခဲ့သည်ဟု အဆိုပါ စက်ရုံပိုင်ရှင်များက ပြောကြောင်း Tolo News က ဖော်ပြသည်။

 စားရေးသောက်ရေးအတွက် သားသမီး ကလေးငယ်များကို ကျောင်းထုတ်ထားခဲ့ရပြီး ယခုအခါ ၎င်းတို့သည် မနက်မှ ညနေအထိ အုတ်စက်ရုံတွင် အလုပ်လုပ်နေရကြောင်း စက်ရုံများတွင် အလုပ်လုပ်လျက်ရှိသည့် မိသားစုများက ပြောသည်။

 “ကျွန်တော့် မိသားစုအတွက် ပေါင်မုန့်လေး တစ်ချပ်လောက်ဖြစ်ဖြစ် ကျွေးမွေးထောက်ပံ့နိုင်ဖို့ ကျွန်တော် ဒီမှာ အလုပ်လာလုပ်နေတာပါ။ ဒါပေမယ့် ဒါက အများကြီးတော့ အကူအညီ မဖြစ်ပါဘူး” ဟု စက်ရုံတွင် အလုပ်လုပ်နေသည့် အလုပ်ကြမ်းသမားတစ်ဦး ဖြစ်သော ဂျာဗစ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly