အမေရိကန်ကိုယ်စားလှယ်အဖွဲ့ခရီးစဉ်က ထိုင်ဝမ်ဒီမိုကရေစီအတွက် ကတိကဝတ်များကို လိုက်နာ စောင့်ထိန်းခြင်းဖြစ်ကြောင်း နန်စီပလိုစီပြော

03 August 2022
အမေရိကန်ကိုယ်စားလှယ်အဖွဲ့ခရီးစဉ်က ထိုင်ဝမ်ဒီမိုကရေစီအတွက် ကတိကဝတ်များကို လိုက်နာ စောင့်ထိန်းခြင်းဖြစ်ကြောင်း နန်စီပလိုစီပြော

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီသည် ဩဂုတ် ၂ ရက်က ထိုင်ဝမ်သို့ရောက်ရှိလာကာ  ထိုင်ဝမ်ဒီမိုကရေစီကို ထောက်ခံအားပေးသော အမေရိကန်၏ ကတိကဝတ်များကို ထပ်မံအတည်ပြုလိုက်ပြီး သူမ၏ခရီးစဉ်သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ဆိုင်ရာ အမေရိကန်၏ရေရှည်မူဝါဒများနှင့် ကွဲလွဲဆန့်ကျင်ခြင်း မရှိကြောင်း ပြောသည်။

 “ကျွန်မတို့ ကွန်ဂရက်အဖွဲ့ရဲ့ ထိုင်ဝမ်ခရီးစဉ်ဟာ ထိုင်ဝမ်ရဲ့ အားမာန်ပြည့်ဝတဲ့ဒီမိုကရေစီကို ထောက်ခံ အားပေးတဲ့ အမေရိကန်ရဲ့ မယိမ်းမယိုင်တဲ့ ကတိကဝတ်တွေကို လေးစားလိုက်နာခြင်းဖြစ်ပါတယ်” ဟု ပလိုစီက ထိုင်ဝမ်ရောက်ရှိပြီးနောက် ၎င်း၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 “ခရီးစဉ်သည် အပြန်အလှန် လုံခြုံရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဒီမိုကရေစီ အုပ်ချုပ်ရေးကို အဓိကထားအလေးထားလျက် စင်ကာပူ၊ မလေးရှား၊ တောင်ကိုရီးယားနှင့် ဂျပန်တို့ အပါအဝင် အင်ဒို-ပစိဖိတ် ခရီးစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ဆိုသည်။

ထိုင်ဝမ်ခေါင်းဆောင်ပိုင်းနှင့် ဆွေးနွေးမှုသည် မိတ်ဖက်အတွက် အမေရိကန်၏ ထောက်ခံမှုကို ထပ်လောင်းအတည်ပြုရန်နှင့် လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသကို ပိုမိုအဆင့်မြင့်လာစေရန်   အပါအဝင် ဘုံအကျိုးစီးပွားများကို မြှင့်တင်ရန် အလေးထားသွားမည်ဖြစ်ကြောင်း နန်စီပလိုစီက ပြောသည်။

ပလိုစီက အမေရိကန်သည် တရုတ်ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရသော ထိုင်ဝမ်ပြည်သူ ၂၃ သန်းနှင့်အတူ ရပ်တည်ကြောင်းလည်း ထုတ်ဖော်ပြောဆိုခဲ့သည်။

 တရုတ်ဘက်က လုံခြုံရေးခြိမ်းခြောက်မှု အရှိန်မြင့်လာချိန်တွင် နန်စီပလိုစီ၏လေယာဉ်သည် ထိုင်ဝမ်မြေသို့ ဆင်းသက်လာခြင်းဖြစ်သည်။

 နန်စီပလိုစီအနေဖြင့် ထိုင်ဝမ်ကို လာရောက်ပါက ပြန်လည်ပေးဆပ်ရမည်ဟု တရုတ်အစိုးရက အမေရိကန်ကို သတိပေးထားပြီး ယခုခရီးစဉ်သည် နှစ်ပေါင်း ၂၀ ကျော်အတွင်း အဆင့်အမြင့်ဆုံးအမေရိကန်ကိုယ်စားလှယ်အဖွဲ့ ထိုင်ဝမ်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

ပလိုစီ၏ခရီးစဉ်မတိုင်မီတွင် တရုတ်စစ်တပ်က ထိုင်ဝမ်ရေလက်ကြား၏ အကျဉ်းမြောင်းဆုံးနေရာတစ်ခုရှိ ၎င်း၏ ကမ်းရိုးတမ်းအလွန်တွင် ကျည်ဆန်အစစ်များဖြင့် စစ်ရေးလေ့ကျင့်မှုပြုလုပ်သွားမည်ဟု ပြောသည်။ တရုတ်လေတပ်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက တရုတ်သည် ၎င်း၏အချုပ်အခြာအာဏာကာကွယ်မှုစွမ်းရည်ကို ပြသသည့်အနေဖြင့်  ထိုင်ဝမ်တစ်ဝိုက်တွင် တိုက်လေယာဉ်များ စေလွှတ်သွားမည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required