တရုတ်အစိုးရက နည်းပညာစည်းမျဉ်းဆို်ငရာဝန်ကြီးကို စတင်စုံစမ်းစစ်ဆေး 

တရုတ်အစိုးရက နည်းပညာစည်းမျဉ်းဆို်ငရာဝန်ကြီးကို စတင်စုံစမ်းစစ်ဆေး 

တရုတ်နိုင်ငံ၏ တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့် ဒစ်ဂျစ်တယ်နည်းပညာကဏ္ဍများကို ကိုင်တွယ်ရာတွင် တာဝန်ရှိသော အကြီးတန်းအစိုးရဝန်ကြီးတစ်ဦးကို တရုတ်အစိုးရ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက်ရှိသည်။
 တရုတ်နိုင်ငံ၏ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးဆိုင်ရာ စုံစမ်းစစ်ဆေးသူများက ရှောင်ယာချင်းအား စည်းကမ်းနှင့် ဥပဒေချိုးဖောက်သည်ဟု သံသယရှိပြီးနောက် စုံစမ်းစစ်ဆေးမှုများ စတင်ခဲ့ခြင်းဖြစ်သည်။

တရုတ်စက်မှုလုပ်ငန်းနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီး ရှောင်ယာချင်းသည် ပါတီစည်းကမ်းနှင့် ဥပဒေများကို ချိုးဖောက်သည်ဟု သံသယရှိသည့်အတွက် စုံစမ်းစစ်ဆေးခံနေရသည် ဟု ဇူလိုင် ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည့် တရားဝင်ထုတ်ပြန်ချက်ကို ကိုးကား၍ ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။

ရှောင်ယာချင်းသည် နိုင်ငံတော်ကောင်စီ၏ လက်ထောက်အထွေထွေအတွင်းရေးမှုးအဖြစ် အချိန်ကြာမြင့်စွာ တာဝန်ထမ်းဆောင်ခဲ့ပြီး လီခဲ့ချန်နှင့်အတူ လက်တွဲခဲ့သည်။
 စည်းမျဉ်းစစ်ဆေးရေးဗဟိုကောင်မရှင်က ၎င်းအား ပေကျင်းရှိ နေအိမ်မှ ဇူလိုင် ၂၆ ရက်က ခေါ်ဆောင်သွားခဲ့သည်။ ရှောင်သည် ထိုသို့ခေါ်ဆောင်မခံရမီ ၎င်း၏ လက်ကောက်ဝတ်သွေးကြောကို ဖြတ်၍ သေကြောင်းကြံစည်ခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း ဟောင်ကောင်မီဒီယာက ဖော်ပြခဲ့သော်လည်း ယင်းဖြစ်ရပ်ကို  မည်သည့်တရားဝင်သတင်းရင်းမြစ်ကမှ အတည်ပြုပြောကြားခြင်းမရှိပေ။

တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်က ၂၀၁၇ ခုနှစ်တွင် ပါတီအကြီးအကဲအဖြစ် ဒုတိယသက်တမ်း စတင်ခဲ့ပြီးနောက် ရှောင်သည် စုံစမ်းစစ်ဆေးမှုကို ရင်ဆိုင်ရသည့် ပထမဆုံးသော တာဝန်ထမ်းဆောင်ဆဲ ဝန်ကြီးဖြစ်ကြောင်း Wall Street Journal (WSJ) တွင် ဖော်ပြထားသည်။

ရှောင်၏ စစ်ဆေးမှုသည် ၂၀၁၂ ခုနှစ်နှောင်းပိုင်းတွင် ရှီအာဏာရပြီးကတည်းက ညွှန်ကြားခဲ့သော အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးလှုပ်ရှားမှုနှင့်အညီဖြစ်ကြောင်း Wall Street Journal က ဆိုသည်။                     

တရုတ်သမ္မတသည် ၎င်းလှုပ်ရှားမှုကို အသုံးချလျက် ပါတီအတွင်း များပြားလှသော အကျင့်ပျက်ခြစားမှုကို တားမြစ်ရေးဟူသော ခေါင်းစဉ်အောက်၌ အာဏာကို ဆုပ်ကိုင်ထားသည်။

မကြာသေးခင်နှစ်များအတွင်းတွင် ဝန်ကြီးအဆင့် သို့မဟုတ် အကြီးပိုင်းများကို ရာထူးမှဖြုတ်ချခြင်း လျော့နည်းလာသော်လည်း ကွန်မြူနစ်ပါတီသည် အဆင့်မြင့်အရာရှိအများအပြားကို ထုတ်ပယ်ပြီးဖြစ်ကြောင်း သတင်း၌ ဖော်ပြထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly