အမေရိကန်လွှတ်တော်ဥက္ကဋ္ဌ ထိုင်ဝမ်သို့ လာပါက ဆိုးရွားသည့်နောက်ဆက်တွဲများကို ကြုံတွေ့ရမည်ဟု တရုတ် သတိပေး

အမေရိကန်လွှတ်တော်ဥက္ကဋ္ဌ ထိုင်ဝမ်သို့ လာပါက ဆိုးရွားသည့်နောက်ဆက်တွဲများကို ကြုံတွေ့ရမည်ဟု တရုတ် သတိပေး

အမေရိကန်အောက် လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ ထိုင်ဝမ်သို့ လာရောက်မည့် ခရီးစဉ်နှင့် ပတ်သက် တရုတ်အစိုးရက အမေရိကန်အစိုးရ သို့ ထပ်မံ သတိပေးလိုက်သည်။

“လွန်ခဲ့တဲ့ ရက်ပိုင်းတွေက  တရုတ်နိုင်ငံရဲ့ အသိပေးချက်ကို ခင်ဗျားတို့ မတွေ့ခဲ့တာ ဖြစ်ရင်လည်း ဖြစ်မယ်။ လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ ထိုင်ဝမ်ကို လာမည့်ခရီးစဉ်အပေါ် လုံးဝကန့်ကွက်ကြောင်း ထပ်ပြီး ရှင်းရှင်းလင်း ပြောပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအရာရှိကျောင်လိယန်က  ဇူလိုင် ၂၇ ရက်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ 

“အမေရိကန်နဲ့ ဒီခရီးစဉ်ကို ဆက်လုပ်ပြီး တရုတ်ရဲ့ သတိပေးချက်ကို စိန်ခေါ်မှုတွေ လုပ်လာမယ်ဆိုရင် ပြင်းထန်တဲ့ တန်ပြန်မှုတွေကို ရင်ဆိုင်ရလိမ့်မယ်။ ဖြစ်ပေါ်လာမယ့် ဆိုးရွားတဲ့ နောက်ဆက်တွေအတွက်  အမေရိကန်မှာ အပြည့်အဝ တာဝန်ရှိပါလိမ့်မယ်” ဟု လည်း ၎င်းက ပြောကြားသည်။ 

ပေလိုစီသည် ထိုင်ဝမ်သို့ ဩဂုတ်လအတွင်း သွားရောက်ရန် စီစဉ်ထားသည်ဟု ဆိုသော်လည်း ခရီးစဉ်မသေချာ သေးကြောင်း အမေရိကန်အစိုးရက ပြောကြားထားသည်။

တရုတ်နှင့် တင်းမာမှု ဖြစ်ပွားနေစဉ် အမေရိကန်အောက်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ထိုင်ဝမ်သို့ သွားရောက် မည်ဆို‌သော သတင်းများကို အမေရိကန်မီဒီယာများက ဖော်ပြပြီးနောက် တရုတ်အစိုးရ၏ ကန့်ကွက်မှု ထွက်ပေါ်လာခြင်း ဖြစ်သည်။  

မီဒီယာသတင်းများအရ ပေလိုစီနှင့် သူမ၏အဖွဲ့သည် အင်ဒိုနီးရှား၊ ဂျပန်၊ မလေးရှားနှင့် စင်ကာပူနိုင်ငံများသို့လည်း သွားရောက်ကာ ဟာဝို်ငအီရှိ အမေရိကန်၏ အင်ဒို-ပစိဖိတ်စစ်ဌာနချုပ်တွင် ခေတ္တတည်းခိုမည်ဖြစ်သည်။ 

ပေလိုစီ၏ ထိုင်ဝမ်ခရီးစဉ်သည် တရုတ်နှင့် အမေရိကန်တို့၏ ဆက်ဆံရေးဆိုင်ရာ နိုင်ငံရေး အုတ်မြစ်ကို ဆိုးရွားစွာ ထိခိုက်စေလိမ့်မည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဝမ်ဝန်ဘင်က ပြောကြားသည်။ 

‌အောက်လွှတ်တော်အမတ် နန်စီပေလိုစီ  ထိုင်ဝမ်သို့ သွားမည့် အစီအစဉ်သည် မှန်ကန်သည့် စိတ်ကူးမဟုတ်ဟု အမေရိကန်စစ်တပ်က ယုံကြည်ထားကြောင်း သမ္မတဂျိုးဘိုင်ဒင်က ပြောကြားသည်။

“ခုချိန်မှာ မလုပ်သင့်သေးဘူးလို့ အမေရိကန်စစ်တပ်က ထင်မြင်ထားပါတယ်” ဟု ဘိုင်ဒင်က ဇူလိုင် ၂၇ ရက်တွင် ပြောကြားခဲ့ကြောင်းကို အိမ်ဖြူတော် သတင်းထုတ်ပြန်ရေးအဖွဲ့က ဖော်ပြခဲ့သည်။ 

အမေရိကန်နှင့် ထိုင်ဝမ်တို့အကြား တရားဝင်ဆက်ဆံမှု ပုံစံအမျိုးမျိုးကို တရုတ်ကလည်း အကြိမ်ကြိမ် ပြင်းထန်စွာ ကန့်ကွက်ခဲ့သည်။ 

နန်စီပေလိုစီအနေဖြင့် ထိုင်ဝမ်ကို သွားရောက်ရန် ဧပြီလအတွင်းက စီစဉ်ခဲ့သော်လည်း ကိုဗစ်-၁၉ ကူးစက်ခံရမှုကြောင့်ရွှေ့ဆိုင်းခဲ့ရသည်။ ထိုစဉ်ကလည်း တရုတ်အစိုးရက ခရီးစဉ်ကို  ပြင်းထန်စွာ ကန့်ကွက်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly