တရုတ်စီးပွားရေး တည်ငြိမ်စေရန် ရှန်ဟိုင်း၌ ပါရဂူဘွဲ့ရ ၅ ၀၀၀ ကျော်ကို အလုပ်ခေါ်

တရုတ်စီးပွားရေး တည်ငြိမ်စေရန် ရှန်ဟိုင်း၌ ပါရဂူဘွဲ့ရ ၅ ၀၀၀ ကျော်ကို အလုပ်ခေါ်

တရုတ်စီးပွာရေးအချက်အခြာ ရှန်ဟိုင်းသည်  နိုင်ငံ့စီးပွားရေးတည်ငြိမ်စေရေးအတွက် အမြင့်ဆုံး တစ်နှစ်စာလစာ ယွမ် ၇၀၀ ၀၀၀ ဖြင့် လစ်လပ်နေရာ ၅ ၁၅၇ နေရာအတွက် ပါရဂူဘွဲ့ရများအား အလုပ်ခေါ်ထားကြောင်း Shanghai Daily ၌ဖော်ပြထားသည်။

မြို့တော်ရှိ ကမ္ဘာ့ထိပ်တန်းကုမ္ပဏီများ၊ တရုတ်ထိပ်တန်းအင်စတီကျုများနှင့်နှင့်တက္ကသိုလ်ပေါင်း ၁၂၃ ခုက ပါရဂူဘွဲ့လွန်ပရိုဂရမ် ၂၅၉ ခုကို ဖွင့်လှစ်သွားမည်ဟု ရှန်ဟိုင်းလူ့စွမ်းအားအရင်းအမြစ်နှင့် လူမှုဖူလုံရေးဗျူရိုက ဇူလိုင် ၂၆ ရက်တွင် ပြောသည်ဟု Shanghai Daily တွင် ဖော်ပြထားသည်။

တရုတ်ဝန်ကြီးချုပ် လီခေ့ချန်သည် စီးပွားရေးတည်ငြိမ်စေရန်နှင့် စျေးကွက်အဖွဲ့အစည်းများအား ပုံမှန်လမ်းကြောင်းအတိုင်း ပြန်လည်ရောက်ရှိစေရန် မူဝါဒများအကောင်အထည်ဖော်ရေးသည် အရေးကြီးကြောင်း မေလတွင် တိုက်တွန်း ပြောကြားခဲ့သည်။  

ကိုဗစ်ကန့်သတ်ချက်များသည် ဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံကို ဆိုးရွားစွာ ထိခိုက်လာကြောင်းလည်း သတိပေးခဲ့သည်။

 လီခေ့ချန်က အလုပ်အကိုင်များအခွင့်အလမ်းများ မြှင့်တင်ရေးနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းစေရေးအတွက် စီမံချက်များကို ဦးစားပေးလုပ်ဆောင်ရန် အစိုးရအဆင့်အားလုံးကို ညွှန်ကြားခဲ့ကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။
မြို့တော်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးဗျူဟာ၏ အဓိကနယ်ပယ်များဖြစ်သည့် ဇီဝဆေးဝါး၊ ပစ္စည်းအသစ်များ၊ ဓာတုပစ္စည်းများ၊ ပေါင်းစပ်ဆားကစ်များ၊ ဉာဏ်ရည်တု၊ လက်တွေ့ဆေးပညာ၊ ဇီဝဗေဒ၊ ဒြပ်ပစ္စည်းသိပ္ပံနှင့် ကွန်ပျူတာသိပ္ပံစသည်တို့တွင် ရာထူးများခန့်အပ်မည်ဖြစ်သည်။

လျှောက်ထားသူသည် မည်သည့်နိုင်ငံသားဖြစ်စေ ရွေးချယ်ခံရ နှစ်စဉ်လစာ ယွမ် ၇၀၀ ၀၀၀ အထိ ပေးအပ် မည်ဖြစ်ကာ  အများစုသည် ယွမ် ၂၅၀ ၀၀၀ မှ ၃၅၀ ၀၀၀ အထိ ရရှိမည်ဖြစ်သလို အလယ်အလတ်သမားများက ယွမ် ၃၀၀ ၀၀၀ ရရှိပေမည်။

၂၀၂၂ ခုနှစ် ဇွန်လကုန်အထိ မြို့တော်တွင် ပါရဂူဘွဲ့လွန်သုတေသီ ၇ ၃၀၅ ဦးရှိပြီး ၎င်းတို့အနက် ၂၄ ရာခိုင်နှုန်း သည် နိုင်ငံခြားသားများ၊ ဟောင်ကောင်၊ မကာအိုနှင့် ထိုင်ဝမ်တို့မှ နေထိုင်သူများနှင့် နိုင်ငံရပ်ခြား ပညာရေး နောက်ခံရှိသော တရုတ်ပြည်မကြီးမှလူများဖြစ်သည်ဟု Shanghai Daily ကဆိုသည်။

တရုတ်နိုင်ငံသည် စီးပွားရေးတည်ငြိမ်နေစေရန် နှစ်စဉ် အလုပ်အကိုင်သစ်ပေါင်း သန်းနှင့်ချီ ဖန်တီးရန် လိုအပ်သည်။ အစိုးရသည် ၂၀၂၂ ခုနှစ်တွင် မြို့များနှင့် မြို့ကြီးများ၌ အလုပ်အကိုင်အပေါင်း အနည်းဆုံး ၁၁ သန်း ဖန်တီးရန် လျာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly