အမေဖြစ်သူ ဒေါ်စုကို သမ္မတအဖြစ် မြင်လိုပါက သားနှစ်ဦး မြန်မာနိုင်ငံသား ခံယူဟု ဦးရဲထွဋ်ပြော

အမေဖြစ်သူ ဒေါ်စုကို သမ္မတအဖြစ် မြင်လိုပါက သားနှစ်ဦး မြန်မာနိုင်ငံသား ခံယူဟု ဦးရဲထွဋ်ပြော

ရွေးကောက်ပွဲတွင် ရာခိုင်နှုန်း ၈၀ နီးပါးဖြင့် အနိုင်ရခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရန် ဖွဲ့စည်းပုံပါ ပုဒ်မ ၅၉(စ) က ကန့်သတ်ထားရာ အဆိုပါ ပုဒ်မကို ပြင်ဆင်ရန်မလိုဘဲ ဒေါ်စု၏ မိသားစုဝင်များ နိုင်ငံသား ခံယူလိုက်ပါက အလွယ်တကူ သမ္မတ ဖြစ်နိုင်သည်ဟု သမ္မတ ဦးသိန်းစိန်၏ ပြောခွင့်ရ ဦးရဲထွဋ်က ပြောဆိုလိုက်သည်။

“နိုင်ငံ့အကြီးအကဲဖြစ်ဖို့ဆိုတာ ၅၉(စ) တွေဘာတွေလည်း ပြင်ဖို့မလိုပါဘူး။ တကယ်တမ်း ကျနော့်ရဲ့ သုံးသပ်ချက် ထောက်ပြရမယ်ဆိုရင်၊ သူ့ရဲ့သား (၂) ယောက်နဲ့ ချွေးမရှိမယ်ဆိုရင်၊ ချွေးမ (၂) ယောက်၊ လူ (၄) ယောက်ပဲ မြန်မာနိုင်ငံသား ခံယူလိုက်လို့ရှိရင် ဒီပြဿနာတွေအားလုံး ပြေလည်သွားမှာပါ။ ဘာမှ ကျနော်တို့ ဒါကြီးကို ၅၉(စ) တွေလာတွေလည်း ပြင်ဖို့ မလိုပါဘူး” ဟု ဦးရဲထွဋ်က VOA မြန်မာပိုင်းနှင့် တွေ့ဆုံ မေးမြန်းမှုတွင် ပြောဆိုသွားသည်။

ဗြိတိန်နိုင်ငံသားဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ဦးကိုလည်း သူတို့၏ မိခင်ကို သမ္မတ ဖြစ်စေလိုပါက နိုင်ငံသား လျောက်ထားရုံသာရှိသည်ဟုလည်း ပြောသည်။  “တကယ်တန်း သူ့သားသမီးတွေအနေနဲ့ သူတို့ရဲ့မိခင် သမ္မတဖြစ်တာ လိုချင်လို့ရှိရင် ၁၉၈၂ ခုနှစ် ဥပဒေအရ မြန်မာနိုင်ငံသား လျှောက်ထားလိုက်ယုံပါဘဲ” ဟု ဦးရဲထွဋ်က ပြောသည်။

“သူ့အမေ အုပ်ချုပ်တဲ့နိုင်ငံမှာ သူမနေချင်ဘူးဆိုရင်တော့၊ နိုင်ငံသားမခံယူဘူးဆိုရင် ဒါက သူတို့ရဲ့ မိသားစုပြဿနာပဲ။ ဒါက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဿနာ မဟုတ်ဘူး” ဟုလည်း ဆိုသည်။ အလားတူ ဖွဲ့စည်းပုံပါ ပုဒ်မ ၅၉(စ) ပြင်ရန် မပြင်ရန်ကိုမူ သဘောထား မှတ်ချက်မပေးလိုဘဲ အဆိုပါ ပုဒ်မကို ဆိုင်းငံ့ထားမည်ဆိုပါ လက်မခံနိုင်ဟုလည်း ဦးရဲထွဋ်က ဆိုသည်။

“ ပြင်ခြင်း၊ မပြင်ခြင်းကို ကျနော်တို့ ဘာမှမပြောဘူး။ ဒါက လွှတ်တော်နဲ့ ပြည်သူတွေရဲ့ အဆုံးအဖြတ်ပဲ။ သို့သော် ပြင်ပြီဆိုလို့ရှိရင်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲကအတိုင်း ပြင်တာကိုပဲ ကျနော်တို့က လိုလားတယ်။ မဟုတ်ပဲနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ တားမထားလို့ လုပ်လို့ရတယ်ဆိုတဲ့ လိုရာဆွဲတွေးတာမျိုးသည် နိုင်ငံရဲ့အနာဂတ်အတွက် အန္တရာယ်ကြီးတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့က ဆန့်ကျင်တယ်” ဟု ဆိုသည်။

အသွင်ကူးပြောင်းရေးနှင့် ပတ်သက်၍မူ မည်သည့် ပြဿနာမှမရှိဟုလည်း ဦးရဲထွဋ်က ဆိုခဲ့သည်။ “အဓိက တာဝန်လွှဲပြောင်းတဲ့ကိစ္စတွေကတော့ ဘာမှ ပြဿနာ မရှိဘူးပေါ့လေ။ သူတို့တာဝန်ယူပြီးရင်၊ သူတို့ဟာသူတို့ ဆက်လုပ်မယ့်အပိုင်းကတော့ သူတို့နဲ့ သူတို့ အပိုင်းပေါ့။ ကျနော်တို့ကတော့ လွှဲတဲ့အထိပဲ ဆိုင်တာပေါ့။ ဆိုတော့ အဓိကကတော့ ကျနော်တို့က ဒီ တာဝန်လွှဲပြောင်းရေးကို ချောချောမွေ့မွေ့ဖြစ်ဖို့ဆိုတာ နံပတ်တစ်ကတော့ နိုင်ငံရေးတည်ငြိမ်မှု ရှိဖို့ လိုတာပေါ့” ဟုဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly