အမေရိကန် လွှတ်တော်ဥက္ကဋ္ဌ၏ ထိုင်ဝမ်ခရီးစဉ်ကို ‘ပစ်မှတ်ထား စစ်ရေးအရေးယူမှုများ’ ဖြင့် တုံ့ပြန်မည်ဟု တရုတ် ဆို 

အမေရိကန် လွှတ်တော်ဥက္ကဋ္ဌ၏ ထိုင်ဝမ်ခရီးစဉ်ကို ‘ပစ်မှတ်ထား စစ်ရေးအရေးယူမှုများ’ ဖြင့် တုံ့ပြန်မည်ဟု တရုတ် ဆို 

ဩဂုတ် ၃

အမေရိကန်နှင့် တရုတ်ကြား တင်းမာမှုရေချိန် မြင့်မားနေစဉ် အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပလိုစီ၏ ထိုင်ဝမ်ခရီးစဉ်ကို “ပစ်မှတ်ထား စစ်ရေးအရေးယူမှုများ” ဖြင့် တုံ့ပြန်သွားမည်ဟု တရုတ်စစ်တပ်က အင်္ဂါနေ့တွင် စိတ်ပိုင်းဖြတ် ပြောဆိုသည်။ 

“တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်ကို တပ်လှန့်ထားပါတယ်၊ ပစ်မှတ်ထား စစ်ရေးအရေးယူမှုတွေ လုပ်ဆောင်သွားမှာ ဖြစ်တယ်၊ အမျိုးသား အချုပ်အခြာနဲ့ ပိုင်နက်ဂုဏ်သိက္ခာကို အလုံးစုံ ကာကွယ်သွားမယ်၊ ပြည်ပစွက်ဖက်မှုတွေနဲ့ ထိုင်ဝမ်လွတ်လပ်ရေး ခွဲထွက်ကြိုးစားမှုတွေကို ကာကွယ်သွားမှာ ဖြစ်တယ်”ဟု ပလိုစီ၏ ထိုင်ဝမ်ခရီးစဉ်ကို ရှုတ်ချသော ထုတ်ပြန်ချက်၌ ကာကွယ်ရေးဝန်ကြီးဌာနက ပြောခွင့်ရသူ ဝူ ကျင်းက ပြောသည်။ 

ပြည်သူ့လွတ်မြောက်ရေးတပ်၏ အရှေ့ပိုင်း စစ်ဌာနချုပ်က ထိုင်ဝမ်အနီးတွင် အင်္ဂါနေ့ညက ပူးတွဲစစ်ရေးလေ့ကျင့်မှု လုပ်ဆောင်သွားမည်ဖြစ်ပြီး ထိုင်ဝမ်၏ အရှေ့ပင်လယ်တွင် ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်သွားမည်ဖြစ်ကြောင်း သီးခြားအနေဖြင့် ဆိုသည်။ 

စစ်ရေးလေ့ကျင့်မှုများမှာ ထိုင်ဝမ်၏ မြောက်ပိုင်း၊ အနောက်တောင်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတို့တွင် လေတပ်နှင့် ပင်လယ်ပြင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပါဝင်မည် ဖြစ်ပြီး ထိုင်ဝမ်ရေလက်ကြားတွင် တာဝေးပစ် ကျည်စစ်ပစ်လွှတ်မှုများနှင့် ထိုင်ဝမ်၏ အရှေ့ဘက်ပင်လယ်တွင် ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများ ပါဝင်မည်ဟု အရှေ့ပိုင်းစစ်ဌာနချုပ်က ဖြည့်စွက်ဆိုသည်။ 

ပလိုစီ၏ ခရီးစဉ်သည် ‘အလွန်အမင်း အန္တရာယ်များကြောင်း’ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ချက်၌ ပြောထားသည်။ 

သို့ရာတွင် အိမ်ဖြူတော် ပြောခွင့်ရသူ ဂျွန် ကာဘီက ထိုခရီးစဉ်နှင့် ပတ်သက်ပြီး တရုတ်၏ ပြင်းထန်စွာ ဝေဖန်မှုများကို ပယ်ချပြီး ထိုင်ဝမ်သို့ အမေရိကန်လွှတ်တော်အမတ် ပထမဆုံး လာရောက်မှုမျိုးလည်း မဟုတ်ကြောင်း ပြောသည်။ 

“ဒါဟာ ဘယ်လို အချုပ်အခြာကိုမှ ချိုးဖောက်တာ မရှိဘူး”ဟု ပလိုစီ ထိုင်ဝမ်မြေသို့ ရောက်ပြီး ခဏမှာပင် CNN သို့ ၎င်းက ပြောသည်။ 

ပလိုစီ လေယာဉ် ထိုင်ဝမ်ဆီ မဆင်းသက်ခင်လေး၌ တရုတ်တိုက်လေယာဉ်များသည် ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ပြီး ကျွန်းဆီ ဦးတည်ခဲ့သည်ဆိုသော သတင်းများနှင့် ပတ်သက်ပြီး ဂျွန် ကာဘီက ဖော့လျော့ပြောဆိုသည်။ 

“အမေရိကန်အနေနဲ့ ခြိမ်းခြောက်မှုတွေကို ကြောက်လန့်နေမှာ မဟုတ်ဘူး”ဟု ၎င်းက ဆိုသည်။ 

“ဒီဒေသမှာ ကျွန်တော်တို့ဟာ အလေးအနက် လုံခြုံရေး ကတိကဝတ်တွေ ရှိထားတာ ဖြစ်တယ်၊ ဒီ ကတိကဝတ်တွေကိုလည်း ကျွန်တော်တို့ လေးလေးနက်နက် ခံယူတယ်”ဟု ၎င်းက ထပ်လောင်းပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly