ထိုင်းနိုင်ငံ ရနောင်းသို့ ခရီးသွားလာခွင့်နှင့် နေထိုင်ခွင့် ရက်တိုးပေး

By ကိုရွှေမြိတ်
03 August 2022
ထိုင်းနိုင်ငံ ရနောင်းသို့ ခရီးသွားလာခွင့်နှင့် နေထိုင်ခွင့် ရက်တိုးပေး

ရနောင်း၊ဩဂုတ်လ(၃)

မြန်မာ-ထိုင်းနယ်စပ် ကော့သောင်း-ရနောင်းဂိတ်တွင် ဩဂုတ်လ ၂ ရက်နေ့မှစတင်ကာ ထိုင်းနိုင်ငံ ရနောင်းဖက်တွင် နေထိုင်သွားလာခွင့် ခြောက်ညအိပ် ခုနစ်ရက်အထိ တိုးမြှင့်နေထိုင်ခွင့် ပြုလိုက်ကြောင်း ကော့သောင်းမြို့ခံများထံမှ သိရသည်။

အဆိုပါ ကော့သောင်း-ရနောင်းနယ်စပ်ဂိတ်တွင် ယခင်က Border Pass (နှစ်နိုင်ငံသဘောတူ နယ်စပ် ဖြတ်သန်းခွင့်လက်မှတ်)ဖြင့် ဝင်ရောက်လာသူများကို ထိုင်းနိုင်ငံလူဝင်မှုကြီးကြပ်ရေးက နှစ်ညအိပ် သုံးရက်ခရီးစဉ်အဖြစ်သာ ခွင့်ပြုပေးခဲ့ကြောင်း ကော့သောင်းဒေသခံတစ်ဦးက ပြောသည်။

ကော့သောင်းဒေသခံတစ်ဦးက “ အခုလိုရက်တိုးပေးတာ ဒေသခံခရီးသွားတွေအတွက် အရမ်းအဆင်ပြေ ပါတယ်။ ဘာကြောင့်လည်းဆိုတော့ လုပ်ငန်းရှင်တွေနဲ့ ကျန်းမာရေးအတွက်ဆေးဝါးကုသမယ့်သူတွေ အတွက်ပိုအဆင်ပြေလို့ပါ” ဟု ပြောသည်။

ယခင် ထိုင်းနိုင်ငံဖက်မှ နှစ်ညအိပ်သုံးရက်ခရီးစဉ်ကိုသာခွင့်ပြုပေးချိန်က ခရီးသည်အများစုသည် အလုပ် ကိစ္စနှင့်ဆေးကုသမှုများ သွားရောက်ရာတွင် သတ်မှတ်ရက် ပြည့်ချိန်၌ မြန်မာနိုင်ငံဖက်သို့ပြန်လာပြီး အဝင်ပြရခြင်းကြောင့် ကုန်ကျစရိတ်များကြောင်း ဒေသခံခရီးသွားများ၏ ပြောဆိုချက်အရ သိရသည်။

အဆိုပါ ကော့သောင်း-ရနောင်းနယ်စပ်ဂိတ်ကို Covid-19 ကပ်ရောဂါကြောင့် နှစ်နှစ်ကျော်ကြာ ပိတ်ထား ခဲ့ရာမှ ပြီးခဲ့သည့် ဇွန်လပထမအပတ်က ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။

#Mizzima

#ကော့သောင်း

#ရနောင်း

#နယ်စပ်ဂိတ်

#Border_Pass

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly