ပါကစ္စတန် လာဟိုးမြို့တွင် မေ့ဆေး ပြတ်လပ်မှုကြောင့် ခွဲစိတ်ကုသမှုများကို ရပ်ဆိုင်းထားရ

By The Print
01 August 2022
ပါကစ္စတန် လာဟိုးမြို့တွင် မေ့ဆေး ပြတ်လပ်မှုကြောင့် ခွဲစိတ်ကုသမှုများကို ရပ်ဆိုင်းထားရ

ပါကစ္စတန်နိုင်ငံတွင် စီးပွားရေး ကျုံ့လာနေပြီး ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်လျက်ရှိစဉ် အဓိကမြို့ တစ်မြို့ဖြစ်သော လာဟိုးမြို့၌ မေ့ဆေး၊ ထုံဆေး အကြီးအကျယ် ရှားပါးပြတ်လပ်မှုနှင့် ကြုံတွေ့နေရသည်။ ထို့ကြောင့် ရာနှင့်ချီသော ခွဲစိတ်ကုသမှုများကို မလုပ်ဆောင်နိုင်ဘဲ ရွှေ့ဆိုင်းထားရသည် ဖြစ်ရာ သေရေရှင်ရေး ဖြစ်နေသော လူနာအများအပြားအတွက် အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိစေခဲ့သည်။

သက်ဆိုင်ရာ ကျန်းမာရေးအာဏာပိုင်တို့၏ ညံ့ဖျင်းမှုနှင့် တာဝန်ပေါ့ဆမှုတို့ကြောင့် အစိုးရပိုင်နှင့် ပုဂ္ဂလိကပိုင် ဆေးရုံများ၌ မေ့ဆေး၊ ထုံဆေး ပြတ်လပ်မှု ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်ကြောင်း Dawn သတင်းစာက ဖော်ပြသည်။

 လာဟိုးမြို့ရှိ သင်ကြားရေးဆေးရုံ Services Hospital Lahore ၌ Isoflurane မေ့ဆေး အကြီးအကျယ် ရှားပါးပြတ်လပ်နေရုံသာမက အဓိကကျသည့် အစိုးရကဏ္ဍ ဆေးရုံအားလုံးသည်လည်း အဆိုပါ ဆေးကို ဝယ်ယူရရှိနိုင်ရန် အပြင်းအထန် ကြိုးပမ်းနေရကြောင်း အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

 ဖက်ဒရယ် ဆေးဝါးစီမံကွပ်ကဲရေး အဖွဲ့ (FDA) သည် အထွေထွေ မေ့ဆေး၊ ထုံဆေး ပေးခြင်းနှင့် ထောက်ပံ့ခြင်းအတွက် Isoflurane ဆေးကို အတည်ပြုပေးထားသည်။

  ယင်းကဲ့သို့ အတည်မပြုမပေးမီက ဆေးဝါးရောင်းချသူများသည် ဒေါ်လာနှင့်ယှဉ်လျင် ပါကစ္စတန် ရူပီးငွေတန်ဖိုး ကျဆင်းနေခြင်းကြောင့် ဆေးဝါး တရားဝင် ပေးသွင်းမှုများကို ရပ်ဆိုင်းထားခဲ့ကြောင်း အကြီးတန်း အရာရှိတစ်ဦး က ပြောသည်။

 ဆေးဝါး ပေးသွင်းသူများသည် အစိုးရနှင့် ကန်ထရိုက် စာချုပ်များ လက်မှတ်ထိုးစဉ်က ဆုံးဖြတ်ထားခဲ့သည့် နှုန်းထားဖြင့် နောက်ထပ် ဆေးဝါးပစ္စည်းများကို ပေးသွင်းရန် ငြင်းပယ်ထားကြောင်း အဆိုပါ အရာရှိကို ကိုးကားပြီး ပြည်တွင်း မီဒီယာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required