တရုတ်ခြိမ်းခြောက်မှုကြောင့် ထိုင်ဝမ်က ကာကွယ်ရေးအသုံးစရိတ် ၄ ရာခိုင်နှုန်း တိုးမြှင့်မည်

တရုတ်ခြိမ်းခြောက်မှုကြောင့် ထိုင်ဝမ်က ကာကွယ်ရေးအသုံးစရိတ် ၄ ရာခိုင်နှုန်း တိုးမြှင့်မည်

ထိုင်ဝမ်ကက်ဘိနက်အဖွဲ့သည် လာမည့်ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ကို ၄ ဒသမ ၀၉ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန် စီစဉ်ထားပြီး လွန်ခဲ့သော ၃ နှစ်အတွင်း ဂျီဒီပီတိုးတက်မှုနှုန်းနှင့် အချိုးညီကြောင်း သတင်းရင်းမြစ်များက ဇူလိုင် ၃၁ ရက်တွင် ပြောသည်။

 ယခုနှစ်ကာကွယ်ရေးအသုံးစရိတ်သည် ထိုင်ဝမ်ဒေါ်လာ ၃၆၇ ဒသမ ၆ သန်းရှိပြီး အသုံးစရိတ်တိုးမြှင့်ရေး အစီအစဉ်ကို လက်ခံမည်ဆိုပါက လာမည့်ဘဏ္ဍာရေးနှစ်တွင် ထိုင်ဝမ်ဒေါ်လာ ၃၈၂ ဒသမ ၆ (အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၇၈ ဘီလီယံ) ရှိလာမည်ဖြစ်သည်။

သမ္မတဆိုင်အင်ဝမ်က အဆိုပါအစီအစဉ်ကို လာမည့်ရက်အနည်းငယ်အတွင် အတည်ပြုမည်ဟု မျှော်လင့်ရပြီး ဝန်ကြီးအဖွဲ့အနေဖြင့် ဘတ်ဂျက်အစီအစဉ်အား လွှတ်တော်သို့ ထပ်မံတင်ပြရမည်ဖြစ်သည်။

 “လာမယ့်နှစ် ကာကွယ်ရေးအသုံးစရိတ်ရဲ့ တိုးတက်မှုနှုန်းဟာ ပြီးခဲ့တဲ့ ၃ နှစ်အတွင်း ဂျီဒီပီတိုးတက်မှုထက် မနိမ့်စေရဆိုတဲ့ မူအရ စီစဉ်ထားပါတယ်” ဟု အသုံးစရိတ်၊ ငွေစာရင်းနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ချူဇာမင်းက အစီအစဉ်နှင့်ပတ်သက်၍ ပြောသည်။

ထိုင်ဝမ်တစ်ဝိုက်တွင် လေယာဉ်နှင့် သင်္ဘောများ အဆက်မပြတ် တပ်ဖြန့်ချထားကာ စစ်ရေး လေ့ကျင့်မှုများ လုပ်ဆောင်သော တရုတ်နိုင်ငံ၏ ခြိမ်းခြောက်မှု အရှိန်မြင့်လာခြင်းကို တုံ့ပြန်သည့်အနေဖြင့် ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်လိုက်ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်များက ဆိုသည်။

 အသုံးစရိတ်တိုးမြှင့်ခြင်းအပြင် ဝန်ကြီးဌာနသည် F-16V ဂျက်တိုက်လေယာဉ်များနှင့် ပြည်တွင်းထုတ် ဒုံးကျည်များ အပါအဝင် အဆင့်မြင့်လက်နက်စနစ်များ ဝယ်ယူရန်  အထူးဘတ်ဂျက်ဖြစ်သည့် ပင်လယ်-လေကြောင်း တိုက်ခိုက်ရေး စွမ်းအားမြှင့်တင်မှု အစီအစဉ်ပုံစံဖြင့် ထပ်ဆောင်းရန်ပုံငွေ ရရှိမည်ဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

လူမှုဖူလုံရေးအစီအစဉ်များမှာလည်း အထွေထွေဘတ်ဂျက်မူကြမ်းတွင် အကြီးမားဆုံး အသုံးစရိတ်ဖြစ်ပြီး ထိုင်ဝမ် ဒေါ်လာ ၆၉၀ ဘီလီယံ ခွဲဝေပေးထားသည်ဟု ဆိုသည်။

 လူမှုဖူလုံရေးနှင့် ကာကွယ်ရေးအသုံးစရိတ်များ တိုးမြှင့်မှုကြောင့် အစိုးရ၏ အခြားဝန်ကြီးဌာနများသည် ၎င်းတို့ဘတ်ဂျက်၏ အစိတ်အပိုင်းများစွာ ဆုံးရှုံးဖွယ်ရှိကြောင်း သတင်းရင်းမြစ်များက ပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required