အလုံးစုံ ပျက်သုဉ်းစေနိုင်သည့် နျူကလီးယားလက်နက်များ အန္တရာယ် ကုလအကြီးအကဲ သတိပေး

အလုံးစုံ ပျက်သုဉ်းစေနိုင်သည့် နျူကလီးယားလက်နက်များ အန္တရာယ် ကုလအကြီးအကဲ သတိပေး

ဩဂုတ် ၂

နားလည်မှု လွဲမှု သို့မဟုတ် အထင်လွဲမှားမှု တစ်ခုက နျူကလီးယားဖြင့် အကြီးအကျယ် ထိခိုက်ပျက်စီးစေမှုဆီ ဦးတည်စေနိုင်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က တနင်္လာနေ့တွင် သတိပေးပြောကြားလိုက်သည်။ တစ်ချိန်တည်းမှာပင် ရုရှအနေဖြင့် “အန္တရာယ်ကြီးသော နျူကလီးယားဆိုင်ရာ ပြောဆိုမှုနှင့် ပြုမူလုပ်ဆောင်ပုံ” တို့ကို ရပ်တန့်ရေး အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်တို့က တိုက်တွန်းထားသည်။

ကမ္ဘာကြီးသည် စစ်အေးတိုက်ပွဲ အထွတ်အထိပ်ကာလ နောက်ပိုင်း မြင်တွေ့ထားခဲ့ရခြင်း မရှိသော နျူကလီးယား အန္တရာယ်တစ်ခုနှင့် ရင်ဆိုင်နေရကြောင်း ကုလအကြီးအကဲက နယူးယော့ခ်တွင် ကျင်းပသည့် နျူကလီးယား လက်နက် မပြန့်ပွားရေး စာချုပ် (NPT) ညီလာခံ ဖွင့်ပွဲတွင် သတိပေးပြောဆိုသွားခဲ့သည်။

လက်ရှိ ရုရှ-ယူကရိန်း စစ်ပွဲနှင့် ကိုရီးယားကျွန်းဆွယ်၊ အရှေ့အလယ်ပိုင်းတို့ရှိ တင်းမာမှုများကို ရည်ညွှန်းရင်း “နျူကလီးယား အရိပ်အငွေ့များ” ပါနေသော အကျပ်အတည်းများက အရှိန်မြင့်တက်နိုင်မည်ကို ၎င်းအနေဖြင့် စိုးရိမ်ပူပန်မိကြောင်း ဂူတာရက်စ်က ပြောသည်။

“ဒီကနေ့မှာက လူသားထုအတွက်က နားလည်မှု လွဲမှားမှုတစ်ခု၊ အတွက်အချက် လွဲမှားမှုတစ်ခုကြောင့် နျူကလီးယားနဲ့ အလုံးစုံ ပျက်သုဉ်းမှု ဖြစ်စေမှုဆီ ဦးတည်သွားနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်” ဟု ဂူတာရက်စ်က NPT ၏ ၁၀ ကြိမ်မြောက် ပြန်လည်သုံးသပ်မှု ကွန်းဖရင့်တွင် ပြောသည်။

NPT သည် နျူကလီးယား လက်နက်များ ပြန့်ပွားမှုကို တားဆီးရန် ရည်ရွယ်သည့် ၁၉၇၀ တွင် အသက်ဝင်နေခဲ့သည့် နိုင်ငံတကာ စာချုပ်တစ်ခု ဖြစ်သည်။

“ခုထက်ထိတော့ ကျွန်တော်တို့ဟာ သာမာန်ထက် လွန်ကဲစွာ ကံကောင်းနေပါတယ်။ ဒါပေမယ့် ကံ ဆိုတာက မဟာဗျူဟာတစ်ခုတော့ မဟုတ်ပါဘူး။ နောက်ပြီး ပထဝီနိုင်ငံရေး တင်းမာမှုတွေ နျူကလီးယား ပဋိပက္ခဆီအထိ ထိန်းမနိုင်သိမ်းမနိုင် ဖြစ်တာကနေ ကာကွယ်ပေးမယ့် ဒိုင်းအကာအကွယ်တစ်ခုလည်း မဟုတ်ပါဘူး” ဟု ၎င်းက ပြောသည်။ “နျူကလီးယား လက်နက်များ ကင်းစင်သော ကမ္ဘာကြီးဆီ ဦးတည်သည့် လမ်းကြောင်းသစ်တစ်ခုပေါ် လူသားမျိုးနွယ်ကို ရောက်ရှိစေရေး” လုပ်ဆောင်ရန် ၎င်းက ကမ္ဘာ့နိုင်ငံများကို တိုက်တွန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required