တရုတ်က ထိုင်ဝမ်ကမ်းလွန်အနီး စစ်ရေးလေ့ကျင့်နေကြောင်း ကြေညာ

တရုတ်က ထိုင်ဝမ်ကမ်းလွန်အနီး စစ်ရေးလေ့ကျင့်နေကြောင်း ကြေညာ

တရုတ်သည် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ၏ ထိုင်ဝမ်ခရီးစဉ်အပေါ် သတိပေးပြီးနောက် ထိုင်ဝမ်ကမ်းလွန်၌ ဇူလိုင် ၃၀ ရက်က စစ်ရေးလေ့ကျင့်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

အာဏာရတရုတ်ကွန်မြူနစ်ပါတီ၏ စစ်တပ်သည် နံနက် ၈ နာရီမှ ည ၉ နာရီအထိ ဖူဂျီယန်ပြည်နယ်ကမ်းလွန် ပင်တန်ကျွန်းစုများအနီး ကျည်ဆန်အစစ်များဖြင့် စစ်ရေးလေ့ကျင့်ခဲ့သည်ဟု နိုင်ငံပိုင်ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့ပြီး ရေကြောင်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့က အဆိုပါဧရိယာကို ရှောင်ရှားရန် သင်္ဘောများအား သတိပေးခဲ့သည်။

ထိုသို့သော် လေ့ကျင့်မှုများတွင် အများအားဖြင့် အမြောက်တပ်များ ပါဝင်လေ့ရှိပြီး ဇူလိုင် ၃၀ ရက် စစ်ရေးလေ့ကျင့်မှုတွင် ဒုံးကျည်၊ တိုက်လေယာဉ်နှင့် တခြားလက်နက်များ ပါဝင်ခြင်း ရှိ၊မရှိကို ထုတ်ပြန်ချက်တွင် ဖော်ပြမထားပေ။

၁၉၉၇ ခုနှစ်နောက်ပိုင်း ထိုင်ဝမ်သို့လာရောက်သည့် အဆင့်အမြင့်ဆုံးကိုယ်စားလှယ်ဖြစ်လာမည့် ပလိုစီသည် ခရီးစဉ်နှင့်ပတ်သက်ပြီး အတည်မပြုသေးပေ။ သမ္မတရှီကျင့်ဖျင်သည် ဇူလိုင် ၂၈ ရက်က အမေရိကန်သမ္မတဘိုင်ဒင်နှင့် အွန်လိုင်းမှ အစည်းအဝေးလုပ်စဉ် ထိုင်ဝမ်နှင့်တရုတ်၏ဆက်ဆံရေးတွင် ပြည်ပမှ ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် သတိပေးခဲ့သည်။

တရုတ်စစ်တပ်သည် ထိုင်ဝမ်အနီးတွင် တိုက်လေယာဉ်နှင့် ဗုံးကြဲလေယာဉ်ပျံသန်းမှုများစွာ တိုးမြှင့် လုပ်ဆောင်ခဲ့သလို ယခင်က ထိုင်ဝမ်၏ ရေကြောင်းပိုင်နက်ထဲသို့ ဒုံးကျည်များ ပစ်လွှတ်ခဲ့သည်။ 

တရုတ်ပြည်မကြီးတွင် ကွန်မြူနစ်အောင်ပွဲဖြင့် ပြီးဆုံးခဲ့သော ပြည်တွင်းစစ်အဆုံးသတ်သည့် ၁၉၄၉ ခုနှစ်တွင် ထိုင်ဝမ်နှင့် တရုတ်တို့ ကွဲသွားခဲ့သည်။

တရုတ်နှင့် ထိုင်ဝမ်တို့အကြား တရားဝင်ဆက်ဆံရေးမရှိသော်လည်း ဒေါ်လာ ဘီလီယံပေါင်းများစွာဖြင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly