နည်းပညာ အခက်အခဲကြောင့် ပါကစ္စတန်တွင် ပြည်တွင်းဖြစ် ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်နိုင်ခြင်း မရှိဘဲ ဖြစ်နေ

နည်းပညာ အခက်အခဲကြောင့် ပါကစ္စတန်တွင် ပြည်တွင်းဖြစ် ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်နိုင်ခြင်း မရှိဘဲ ဖြစ်နေ

ပါကစ္စတန်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ မြင့်တက်နေသော်လည်း နည်းပညာ လုပ်နိုင်စွမ်း မရှိခြင်းနှင့် နောက်ဆုံးပေါ် ကာကွယ်ဆေး အမျိုးအစားများကို ထုတ်လုပ်ရန် ဇီဝနည်းပညာ စက်ရုံမရှိခြင်းတို့ကြောင့် ပြည်တွင်းဖြစ် ကိုဗစ်ကာကွယ်ဆေးများကို ကိုယ်တိုင် ထုတ်လုပ်နိုင်ခြင်း မရှိဘဲ ဖြစ်နေသည်။

ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့၏ လျှော့ပေါ့သက်ညှာခွင့်ပေးမှုက ပါကစ္စတန်ကို mRNA နည်းပညာ အသုံးပြုပြီး ကာကွယ်ဆေးများ ထုတ်လုပ်နိုင်စေရန် လမ်းခင်းပေးခဲ့သည်။ 

သို့သော် နောက်ဆုံးပေါ် ကာကွယ်ဆေး အမျိုးအစားများကို ထုတ်လုပ်ရန် ပါကစ္စတန်တွင် ဇီဝနည်းပညာ စက်ရုံတစ်ရုံ မရှိဘဲ ဖြစ်နေကြောင်း ကျန်းမာရေးသိပ္ပံ တက္ကသိုလ် (UHS) ၏ ဒုတိယအဓိပတိ ဒေါက်တာ ဂျာဗက်ဒ် အက်ခရမ်က ပြောကြောင်း Dawn သတင်းစာက ဖော်ပြသည်။

လက်ရှိတွင် Pfizer နှင့် Moderna တို့သည် ပါကစ္စတန်တွင် အသုံးပြုသည့် mRNA ကာကွယ်ဆေးများ ဖြစ်ကြောင်း ကိုဗစ်-၁၉ ဆိုင်ရာ သိပ္ပံအထူးအဖွဲ့၏ အဖွဲ့ဝင်တစ်ဦး ဖြစ်သော ဒေါက်တာ အက်ခရမ်က ပြောသည်။ လျှော့ပေါ့ သက်သာခွင့်နှင့်ပတ်သက်ပြီး ပါကစ္စတန်၏ အခွင့်အရေးယူ အသုံးချနိုင်စွမ်းအပေါ် စိုးရိမ်ပူပန်ကြောင်း ၎င်းက ထုတ်ဖော်ခဲ့သလို နိုင်ငံတွင် ထိုကဲ့သို့သော ကာကွယ်ဆေးများ ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဇီဝနည်း ပညာ စက်ရုံတစ်ရုံမျှပင် ရှိမနေကြောင်း ၎င်းက ပြောသည်။

“ကျွန်တော် ပါကစ္စတန် ဆေးဝါးထုတ်လုပ်သူများ အသင်း (PPMA) နှင့် ဆက်သွယ်ခဲ့ပါတယ်။ သူတို့က ဇီဝနည်းပညာ စက်ရုံတစ်ရုံ ဆောက်ဖို့ ယာယီ ပူးပေါင်းအဖွဲ့တစ်ဖွဲ့ ဖွဲ့ခဲ့ပါတယ်။ အသင်းက ရန်ပုံငွေတွေ ထူထောင်ထားပြီးတာတောင်မှ အစိုးရဘက်က အခွန် ယာယီ လျှော့ပေါ့မှု ဒါမှမဟုတ် ကင်းလွတ်ခွင့် အပါအဝင် ထောက်ခံအားပေးတဲ့ မူဝါဒတွေ ချမှတ်ပေးမယ်ဆိုပြီး ကျွန်တော်တို့ကို အာမခံချက် မပေးနိုင်သေးပါဘူး” ဟု ၎င်းက ပြောသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး တရားရုံးကို ရှင်းလင်းပြောဆိုရန် ပါကစ္စတန် တရားသူကြီးချုပ်ဟောင်း နီဆာက ၎င်းကို ဆင့်ခေါ်ခဲ့သည်ဟု အက်ခရမ်က ပြောကြောင်း Dawn သတင်းစာက ဖော်ပြသည်။

ထိုကိစ္စကို တရားရုံး၌ ဆိုင်းငံ့ထားဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။

ရူပီး ဘီလီယံများစွာ ရင်းနှီးမြှုပ်နှံရသည့် ဇီဝနည်းပညာ စက်ရုံတစ်ရုံ ထူထောင်ရန်က အစိုးရ၏ အလုပ် မဟုတ်သည့်အတွက် ပါကစ္စတန် အစိုးရအနေဖြင့် ပုဂ္ဂလိကကဏ္ဍ၏ ပါဝင်မှုဖြင့် အခွင့်အရေးကို အသုံးချ သင့်ကြောင်း ဒေါက်တာ အက်ခရမ်က အကြံပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required