ပင်လုံကို ရင်ခုန်ရမှာလား

ပင်လုံကို ရင်ခုန်ရမှာလား
ရှမ်းပြည်နယ် တောင်ပိုင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ, ရှမ်းပြည်နယ်တပ်မတော် ( RCSS/SSA) ထိန်းချုပ်ရာနယ်မြေ လွယ်တိုင်းလျန်ဒေအတွင်းရှိ အွန်လန်းဆွမ် ဒုက္ခသည်စခန်းရှိ ဒုက္ခသည်များအား ဒီဇင်ဘာလ ၂ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - သိင်္ဂီထွန်း

ဖေဖော်ဝါရီ ၁၂ ရက်က ပြည်ထောင်စုနေ့ပါ၊ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်မှာ ပြည်နယ်နဲ့ ပြည်မ လွတ်လပ်ရေးအတွက် ပင်လုံမှာ စာချုပ်ချုပ်ကြတဲ့ နေ့ပါ။ ချုပ်ဆိုပြီး ၅ လအကြာမှာ ဗိုလ်အောင်ဆန်း လုပ်ကြံခံရတယ်။ ၁ နှစ်နဲ့ ၁ လအကြာမှာတော့ ဝုန်းဒိုင်းကြဲ ပြည်တွင်းစစ်ပွဲကြီး ဆင်နွှဲကြပါရော။ ပင်လုံစာချုပ်လည်း စတင်ပြီး ဆန့်ငင်ဆန့်ငင် ဖြစ်ရပါတော့တယ်။ တစ်ခါ ၁၉၆၂ ရောက်ပြန်တော့ ပင်လုံ စာချုပ်ပါ အကြောင်းအရာအချို့ကို အကြောင်းပြုပြီး ဗမာပြည် တစ်စစီ ပြိုကွဲမယ့်အရေးကနေ တပ်မတော် ကယ်တင်လိုက်တာ စာချုပ်ဟာ ဆန့်ရာကနေ့ ဂန့်သွားပါတော့တယ်။ မြို့တော်ခန်းမထဲမှာ ခရစ်တော်၌ ထာဝရ အိပ်ပေါ်ခဲ့ရပါတော့တယ်။ တစ်နှစ်တစ်ခါလောက်သာ သူ့အကြောင်းကို ဖောရှော ပြောတာဆိုတာလောက်ကလွဲရင် သူ့အထဲမှာ ဘာတွေပါတယ်ဆိုတဲ့ အကြောင်းကို ကိစ္စတုံး အပြီးသတ်ဖို့ ကြံစည်သူတွေ ကြံစည်ခဲ့ကြပါတယ်။

တိုင်းရင်းသားတွေရဲ့ အိပ်မက် အဆုံးသတ်သွားတဲ့နောက် ပြည်တွင်းစစ်မီးသာပဲ ပိုမိုတောက်လောင်လာခဲ့တယ်။ မငြိမ်းသော မီးတွေကြားမှာပဲ ၂၀၀၈ ဖွဲ့စည်းပုံ ပဒုမ္မာကြာပန်းက လန်းပွင့် လာခဲ့တော့ ပိုခက်တော့တာပေါ့၊ ဒါပေမဲ့ ပြီးခဲ့တဲ့ ငါးနှစ်ကျော်ကစပြီး ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စုအရေး အသံဟာ ပိုမို ကျယ်လောင်လာခဲ့တာမို့ မောင်မှန်တို့ ပြည်သူတွေလည်း ပျော်ရမျှော် ရတော့တာပေါ့ ခင်ဗျာ။

ပြည်ခိုင်ဖြိုး အစိုးရတက်လာပြီး နောက်ပိုင်းမှာ မြန်မာငြိမ်းချမ်းရေး စင်တာတွေဘာတွေ ဖွင့်လှစ်ပြီး ငြိမ်းချမ်းရေးကို ဆောင်ရွက်လာပါတယ်။ နိုင်ငံတကာကလည်း အတော်ကို ထောက်ပံကူညီ ပါတယ်။ ဒီလိုငြိမ်းချမ်းရေး ဆောင်ရွက်ခြင်းဟာ တိုင်းရင်းသား လက်နက်ကိုင်အရေး၊ ပြည်ထောင်စုအ သစ် တည်ထောင်ဖွဲ့စည်းရေးအပေါ် အခြေခံပြီး လုပ်ရတာ ဖြစ်တဲ့အတွက် တိုင်းရင်းသား မိဘပြည်သူတွေ ရဲ့ မျှော်လင့်ချက်က ပိုလို့ပိုလို့ မြင့်တက်လာခဲ့ပါတယ်။ ဒီဘက်နှစ်တွေအတွင်း အစိုးရ၊ တပ်မ တော်နဲ့ တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေ တွေ့ဆုံညှိနှိုင်းကြရာမှာ အစိုးရက ဖက်ဒရယ်ကို မူအားဖြင့် လက်ခံတယ်လို့ ဆိုပြန်တဲ့အတွက် ငြိမ်းချမ်းရေး သံစဉ်ဟာ ပိုလို့ မြူးကြွခဲ့ပြန်ပါတယ်။ (အမှန်တော့ မူအားဖြင့် လက်ခံတယ်ဆိုတာ မူကွဲတွေ အမျိုးမျိုးရှိတဲ့ ဖက်ဒရယ်တွေထဲက ဘယ်မူကို လက်ခံမှန်း မသိပါဘူး။ စကားပုံလောက်ကို လက်ခံတယ်ဆိုရင်ပဲ မောင်မှန်တို့က ပျော်လှပါပြီ။ ကန်စွန်းနွယ်က အလွမ်းသည်တော့လည်း ငရုပ်သီးဖပ်က အဟုတ်ကြီး မှတ်ရတော့တာပေါ့။)

အဲဒီကာလတွေလောက်ကများ ဇာတ်ပို့ဘေးတီး ဆရာကြီးတွေ ရေးလိုက်တဲ့ ဆောင်းပါးတွေ မှာ အစိုးရက ဖက်ဒရယ်ကို လက်ခံလိုက်ပြီဖြစ်တဲ့အတွက် တိုင်းရင်းသားတွေဘက်က ပြန်လည် လိုက်လျောမှုတွေ ဘယ်လိုလုပ်သင့်ကြောင်း ဆိုတာမျိုးတွေ ထပ်လို့ပေါ့။ ဆရာကြီးတစ်ယောက်ဆို တစ်ဖက်က တော်လှန်ရေးအင်အားစုလို့ သုံးလိုက်ရင် တစ်ဖက်က ဖောက်ပြန်ရေး အင်အားစု အလိုလို ဖြစ်သွားတာမို့ တော်လှန်ရေးုဆိုတဲ့ အသုံးအနှုန်းကို ရှောင်ကျဉ်သင့်တယ်ဆိုတာမျိုးအထိ အာဘော် ထုတ်လာတယ်။ (အဲဒီအချိန်က အပစ်ရပ်စာချုပ်မှာ တိုင်းရင်းသားအဖွဲ့တွေက သူတို့ကိုသူတို့ တော်လှန်ရေး အင်အားစုလို့ သုံးချင်တယ်။ အစိုးရနဲ့ တပ်က မသုံးစေချင်တဲ့ ကာလ၊ ငြင်းခုံနေကြတဲ့ ကာလပါ၊) တော်လှန်ရေးလို့ တစ်ဖက်က သုံးရင် ကျန်တဖက်ကလည်း သူပုန်တို့ သောင်းကျန်းသူတို့ ဆိုပြီး ပြန်သုံးမှာပဲတဲ့။ ရွှေဉာဏ်တော် စူးရောက်ပါပေ့၊ တိုင်းရင်းသားတွေနဲ့ စစ်ပွဲရဲ့ အစဟာ စကားလုံး တွေကြောင့် ဖြစ်ခဲ့တာ ကျနေတာပဲ၊ ဒါက ကြုံလို့ တင်ပြတာပါ။ ဇာတ်ပို့ဘေးတီး ဆရာကြီးတွေရဲ့ အကွက်မြင်ဖာတတ်ပုံကို သဘောကျလွန်းလိုပါ။ ထားတော့။

ဒီလိုနဲ့ တစ်နိုင်ငံလုံး အပစ်ရပ် စာချုပ်ဆိုတာကြီးကို တစ်နိုင်ငံလုံးလည်း မပါဘဲ၊ တစ်နိုင်ငံလုံး လည်း အပစ်မရပ်ဘဲ ခပ်တည်တည်နဲ့ပဲ ချုပ်ဆိုဖြစ်လိုက်တယ်။ နောက်ပိုင်း စာချုပ်ပါအတိုင်း တစ်ပြည် လုံး ပထမအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကြီးကိုလည်း (ဗျောက်သံ တဒိုင်းဒိုင်းကြားမှာပဲ) ကျင်းပ လိုက်ကြတယ်။ (မတက်ဖူးလိုလို၊ တက်မှာလိုလို လုပ်သူတွေလည်း လုပ်ခဲ့ကြသပေါ့) ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီးကို အစိုးရသစ်ကို လက်လွှဲမှာတဲ့၊ အစိုးရသစ်က ဆက်လက် သယ်ဆောင်ရမှာတဲ့ ဆွေးနွေးပွဲကြီးက ထွက်လာတဲ့ အဖြေဟာ ဒါပါပဲ။ အဲဒီပွဲမှာ အစိုးရဘက်က ဖက်ဒရယ်အသံ တော်တော်မှိန်သွားပြီး တိုင်းရင်းသားတွေဘက်က ဖက်ဒရယ်အသံ ပိုတောက်လာခဲ့တယ်။ ဒါပေမဲ့ (အစိုးရမပါတဲ့) တိုင်းရင်းသား အချင်းချင်းတွေရဲ့ လက်နက်ကိုင်၊ လက်နက်မဲ့ ပဋိပက္ခတွေဟာလည်း အဲ့ဒီကာလတွေမှာပဲ ပိုမို ကြီးထွားလာခဲ့ပါတယ်။

နိုင်ငံတော်သမ္မတရဲ့ ၆၉ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာ ထဲက ကောက်နှုတ်ချက်အချို့ကို ကြည့်ကြရအောင်ပါ။ "ထိုသို့ ဆောင်ရွက်ခြင်းသည် ဒို့တာဝန်အရေး သုံးပါးတွင် ပါဝင်သည့် ပြည်ထောင်စု မပြိုကွဲရေးနဲ့ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး တာဝန်ကို ဆောင်ရွက်ခြင်းဟု အလေးအနက် ခံယူထားရမည် ဖြစ်ပါသည်။ ယခုအချိန်အခါတွင် အမျိုးသား စည်းလုံးညီညွတ်မှုကို အခိုင်အမာ တည်ဆောက်ရေးသည်လည်း အရေးကြီးလှသည့် နိုင်ငံ့တာဝန် ဖြစ်ပါသည်။ နိုင်ငံရေး အပြောင်းအလဲများမှ တစ်ဆင့် ဒီမိုကရေးစီစနစ်  ရှင်သန်သော လူ့အဖွဲ့အစည်း တစ်ရပ် တည်ဆောက်နိုင်ရန်အတွက် အဆင့်ဆင့်သော ဖြေလျော့မှုများနှင့် လက်တွေ့ကျသော အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များကို အတူ အာရုံစိုက် လုပ်ဆောင်ခဲ့ပါသည်။ ခေတ်မီဖွံ့ဖြိုးတိုး တက်ပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတော်ကြီးကို တည်ထောင်ရာမှာ တိုင်းရင်းသား ပြည်သူများအားလုံး ဝိုင်းဝန်း ပါဝင်ဆောင်ရွက်နေသည့် အမိမြန်မာနိုင်ငံတော်အတွက် အရေးကြီးလှ သည်ကို အားလုံးအသိပင် ဖြစ်ပါတယ်။ တိုင်းရင်းသား လူမျိုးစု အသီးသီး နေထိုင်ရာ ဒေသတွေမှာ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အခြေခံကောင်းများ ရရှိစေရန် နိုင်ငံတော် က ဆက်လက် အကောင်အထည်ဖော်လျက် ရှိပါသည်။"

အခု ကောက်နှုတ်တာတွေက ပြည်ထောင်စုပြဿနာနဲ့ နည်းနည်း ဆက်စပ်မယ် ထင်တာလေး တွေပါ။ အစအဆုံးမှာလည်း ဖက်ဒရယ်နဲ့ ပတ်သက်တာဆိုလို့ တစ်လုံးတစ်ပါဒမျှတောင် ပါဝင်တာ မတွေ့ရတော့ပါဘူး။ အတင်း ပြူးပြဲ လိုက်ရှာကြည့်တော့မှ ဖက်ဒရယ်နဲ့ နည်းနည်းဆင်တဲ့ ဒ(ဒဒွေး)ပါ တာ  တစ်ခုတွေ့တယ်။ ဒို့တာဝန် အရေးသုံးပါးတဲ့၊ ကဲ, အဆုံးမတော့ ကတုံးသာ အဖက်တင် သည်ဆိုသလို ဒို့တာဝန် အရေးသုံးပါး ဘူတာပဲ ပြန်ဆိုက်သွားပါတယ်။ အစိုးရလက်ခံခဲ့တဲ့ ဖက်ဒရယ်မူ ဆိုတာ ဖေါရှော ဖက်ဒရယ်မူပဲဆိုတာ အရမ်း ထင်ရှားသွားတယ်။

UNFC အဖွဲ့ကြီးကတော့ ပြည်ထောင်စုနေ့ ကြေညာချက်မှာ ဖက်ဒရယ်ပြည်ထောင်စုကိုပဲ အလေးအနက် ထက်မံ တောင်းဆိုသွားခဲ့ပါတယ်။ ပြည်တွင်းအခြေစိုက် တိုင်းရင်းသားပါတီတွေ စုဖွဲ့ထားတဲ့ UNA ရဲ့ ပြည်ထောင်စုနေ့ ကြေညာချက်မှာလည်း "လာမည့်အစိုးရသစ်ကို ဦးဆောင်မည့် သူများအနေဖြင့် တိုင်းရင်းသားတို့ လိုလားသော မူလရပိုင်ခွင့်များဖြစ်သည့် တန်းတူညီရေး၊ ကိုယ်ပိုင်ပြ ဌာန်းခွင့် ရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာရေးတို့ိကို အလေးအနက်ပြလျှက် မျှတသော၊ သဟဇာတဖြစ်သော၊ စွမ်းဆောင်ရည်ပြည့်ဝသော အစိုးရတစ်ရပ်ကို ဖွဲ့စည်းသွားရန် တိုက်တွန်းပါ သည်" လို့ ဖော်ပြပါရှိပါတယ်။ နောက်အစိုးရကိုတောင် UNAက ကြိုကန်နေရပါပြီ။

ဒီအတိုင်းဆိုလို့ကတော့ ဒုတိယ ပင်လုံဆိုတာကို ရင်ခုန်နိုင်ဖို့ မလွယ်သေးပါဘူး ခင်ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly