“ပြည်သူဗဟိုပြု လုပ်ငန်းတွေ လုပ်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တပ်လှန့် နှိုးဆော်သံ”

“ပြည်သူဗဟိုပြု လုပ်ငန်းတွေ လုပ်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တပ်လှန့် နှိုးဆော်သံ”

အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အလွန် အလုပ်များတဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ သူ့မှာ အချိန်သိပ်ရှိတာ မဟုတ်ပါဘူး။ ဒါပေမယ့် သူဟာ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်ဖြစ်တယ် ဆိုတာကိုတော့ လုံးဝ  မေ့မထားပါဘူး။ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကို ရွေးချယ်တင်မြှောက်ပေးခဲ့တဲ့ရန်ကုန်တိုင်း ကော့မှူး မြို့နယ်က ပြည်သူတွေ မီးဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် မြို့နယ် အုပ်ချုပ်ရေးမှူးဆီကို မေတ္တာရပ်ခံ စာတစ်စောင် ရေးသား ပေးပို့ခဲ့ပါတယ်။ မေတ္တာရပ်ခံစာ ရေးသား ပေးပို့ရတယ် ဆိုတာက လည်း လွှတ်တော်အမတ်တွေဟာ အုပ်ချုပ်ရေးပိုင်းကို တိုက်ရိုက်ဝင်ပါလို့ရ တာမျိုး မဟုတ်ပဲ အများပြည်သူအကျိုးငှာ ပူးပေါင်းဆောင်ရွက်လို့ပဲ ရတာကြောင့် ဖြစ်ပါတယ်။ စာထဲမှာ ဒေါ်အောင်ဆန်းစုကြည် ဘာတွေ ရေးထားသလဲ၊ လက်ရှိ အုပ်ချုပ်ရေး အာဏာပိုင်တွေနဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွား ဘယ်လောက် အလှမ်းကွာဝေးနေသလဲ စတာတွေ လေ့လာသုံးသပ် ကြည့်ကြရအောင်ပါ။

စာမှာပါတာက ခုဆိုရင် မြန်မာနိုင်ငံတစ်ဝှမ်း မီးလောင်မှုတွေ ဖြစ်ပွားနေတယ်၊ ဒါကြောင့် မြို့နယ် အုပ်ချုပ်ရေးမှူးအနေနဲ့ မီးသတ်ဌာနနဲ့ ပူးပေါင်းပြီး ဖော်ပြပါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ထားသင့်တယ်။ အဲဒါတွေကတော့ မီးဘေးအန္တရာယ် ဖြစ်ပေါ်လာရင် အသုံးပြုနိုင်မယ့် ရေအရင်းအမြစ် ဘယ်ကရမလဲ၊ ကွင်းဆင်း ကြည့်ရှုထားဖို့၊ ဒုတိယ တစ်ချက်ကတော့ လူနေထူထပ်တဲ့ ရပ်ကွက်၊ ဈေး၊ ဆေးရုံ၊ ကျောင်း၊ ရုံး အပါအဝင် ကျေးရွာတွေမှာ လျှပ်စစ်မီးကြိုးတွေ ဘယ်လို သွယ်တန်းထားသလဲ၊ အဲဒါတွေ လုံခြုံစိတ်ချရမှု ရှိရဲ့လား၊ လျှပ်စစ် အသုံးအဆောင်တွေ ကရော မီးဘေးအတွက် စိတ်ချရရဲ့လား ကွင်းဆင်းစစ်ဆေးဖို့၊ ကော့မှူးမြို့နယ်တစ်ဝှမ်း လောင်စာဆီ သိုလှောင်ထားမှုတွေဟာ မီးဘေးအတွက် စိတ်ချရမှု ရှိမရှိ လိုက်လံ စစ်ဆေး ကြည့်ရှုထားဖို့၊ တဆက်တည်း နေအိမ်တွေ အဆောက်အဦတွေမှာ မီးလောင်လွယ်စေတဲ့၊ မီးလောင်တာကို အားပေးတဲ့ ပစ္စည်းပစ္စယတွေ သိုလှောင်ထားမှု ဘယ်လိုရှိတယ်ဆိုတာ လေ့လာထားဖို့၊ အစိုးရရုံး၊ အဆောက် အဦနဲ့ လူနေအိမ်တွေမှာ မီးသတ်ဆေးဗူးတွေ ဆောင်ထားကြအောင် လှုံ့ဆော်ဖို့ စတဲ့ လုပ်ငန်းတွေ ပါတဲ့ လုပ်ငန်း စီမံချက်တစ်ခု အမြန် ရေးဆွဲတင်ပြပါဆိုပြီး မေတ္တာရပ်ခံ ရေးသား ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ခံ အမတ်တစ်ယောက် ဖြစ်တာနဲ့အညီ သူ့ မဲဆန္ဒနယ် က ပြည်သူတွေကို သူ အမြဲတန်း အရေးထားတယ်ဆိုတာ ဒီစာက ဖော်ပြနေတာပါ။ တကယ်တော့ မြန်မာနိုင်ငံမှာ ကောင်းမွန်တဲ့ ပြည်သူ့အုပ်ချုပ်ရေး စနစ်သာ ထွန်းကားရင် ဒီလိုစာမျိုးကို ဒေါ်အောင် ဆန်းစုကြည်က အထူးတလည် ရေးသားပေးပို့စရာတောင် မလိုပါဘူး။ သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့၊ သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးတွေဟာ ဒီကိစ္စတွေကို ဆောင်ရွက်ပြီးသား ဖြစ်နေ ရပါမယ်။ မြန်မာနိုင်ငံက မြို့ပေါ် ရပ်ကွက်တွေနဲ့ ကျေးလက်တွေရဲ့ ဖွဲ့စည်းပုံဟာ ပုံစံ အမျိုးမျိုးပါ။ မီးဘေးလိုမျိုးကို ကြုံရရင် ဘယ်လိုလုပ်ရမယ်၊ ဘယ်လိုကိုင်ရမယ် ဆိုတာမျိုး ကြိုတင်ပြင်ဆင်မှု ရှိထားတယ်ဆိုတဲ့ မြို့၊ ရွာ၊ ရပ်ကွက် အလွန်နည်းပါတယ်။ ဒီကိစ္စ ပြင်ဆင်တယ် ဆိုတာကလည်း တကယ် လုပ်မယ်ဆိုရင် အပြောလွယ်သလောက် အလုပ် ခက်ပါတယ်။

တစ်ချို့ ရပ်ကွက်ကျေးရွာတွေဟာ ရေအလွန်ရှားပါတယ်၊ သောက်သုံးရေတောင် အနိုင်နိုင်ဆို တာမျိုး အများအပြားပါ၊ ရပ်ကွက်နဲ့ ကျေးရွာ အများအပြားရဲ့ လမ်းတွေဟာ အလွန်ကျဉ်းမြောင်းပါ တယ်။ တစ်ချို့ လမ်းဆိုးပါတယ်။ မီးသတ်ကား လာရင်တောင် ဝင်လို့ မရပါဘူး။ တစ်ချို့နေရာတွေ ကတော့ မီးသတ်ကား သွားလို့မရအောင် ခက်ခဲတာမျိုးလည်း ရှိပါတယ်။ နမူနာအားဖြင့် တနင်္လာ ရီတိုင်း ပုလောမြို့နယ် ကျောက္ကာ ကျေးရွာဆိုရင် ရေလမ်းကနေ သွားရပါတယ်။ သိပ်မကြာသေးခင် တုန်းက လောင်ကျွမ်းသွားတဲ့ တနင်္လာရီတိုင်း ထားဝယ်မြို့နယ် မောင်းမကန် အပန်းဖြေစခန်း ဆိုရင်လည်း ပင်လယ်ကမ်းစပ်မှာပါ။ ဒီလို အခက်အခဲ အမျိုးမျိုးကို ထည့်တွက်ပြီး လိုအပ်သမျှကို ပြင်ဆင်ရတာမျိုး ဖြစ်ပါတယ်။ လိုအပ်ရင် ကြိုတင် လေ့ကျင့်ထားတာမျိုး လုပ်ဖို့ လိုပါတယ်။ ဒါပေမယ့် အဲလို လုပ်တာမျိုး မရှိသလောက်ပါပဲ။

ပြောရရင် မြန်မာပြည် အနှံ့အပြားက ပြည်သူတွေဟာ သူတို့ကို စေတနာမရှိတဲ့ တာဝန်မသိတဲ့ အုပ်ချုပ်သူတွေ လက်အောက်မှာ နေထိုင်ရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ပြည်သူ့အကျိုး၊ ပြည်သူ ကို ဗဟိုပြုရေးဆိုတာ အဲဒီ အုပ်ချုပ်ရေးမှူးတွေ အာဏာပိုင်တွေရဲ့ စိတ်ထဲမှာရှိတာ မဟုတ်ပါဘူး။ ရပ်ရွာတစ်ခု ထူထောင်တယ် ဆိုရင်လည်း မြေနေရာ သတ်မှတ်ပေးတာကလွဲပြီး ကျန်တာအားလုံး ကိုယ့်အားကိုယ်ကိုး လုပ်ပေရော့ ဆိုတာမျိုးပါပဲ။ ဒီမိုကရေစီ စနစ်ကိုသွားပါမယ်ဆိုတဲ့ သမ္မတ ဦးသိန်း စိန် လက်ထက်မှာတောင် ရပ်ကွက် ကျေးရွာက ပြည်သူတွေဟာ လျှပ်စစ်မီး သွယ်တန်းဖို့၊ ထရန်စဖော် မာတွေရှိဖို့ ကိုယ့်အားကိုယ်ကိုး နေရဆဲပါ၊ ကိုယ့်အားကိုယ်ကိုး လမ်းတွေ ခင်းနေရဆဲပါ။ တစ်ချို့ မြို့တွေမှာဆိုရင် မီးလောင်ရင် မီးငြှိမ်းသတ်ဖို့ဆိုပြီး မီးသတ်ကားတွေ ကိုယ့်အားကိုယ်ကိုး ဝယ်ယူကြ ရတာပါ။ ပြည်သူတွေ ရေခက်ခဲတာကိုလည်း အာဏာပိုင်တွေက ဝင်ရောက် ဖြေရှင်းပေးတယ်ဆိုတာ မရှိပါဘူး။

ပြောရရင် အုပ်ချုပ်ရေး မဏ္ဍိုင်ဟာ ပြည်သူတွေ အခက်အခဲ ဖြေရှင်းပေးရမယ်၊ ပြည်သူတွေကို ကူညီရမယ်ဆိုတဲ့ အတွေးအခေါ် မထွန်းကားတာ ကြာလှပါပြီ။ ဒါကြောင့် အပြောင်းအလဲ ဖြစ်လာပြီ ဆိုခဲ့ရင်တောင် ပြည်သူတွေဟာ ကိုယ့်ဖာသာကိုယ် ဘာလုပ်ရမှန်းမသိ ဖြစ်နေကြရတဲ့ ဘဝပါ။ ဥပမာအားဖြင့် သမ္မတ ဦးသိန်းစိန်လက်ထက်မှာ စီနီယာ ဝန်ကြီး ဦးစိုးသိမ်း ဦးဆောင်ပြီး ဘတ်ဂျက် ကို အောက်ကနေ အထက်ကို ရေးဆွဲတင်ပြတဲ့ စနစ် စတင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် တကယ့်လက် တွေ့ အောက်ခြေ အာဏာပိုင်တွေဟာ ပြည်သူတွေ လမ်းလိုသလား၊ ဆေးရုံလို သလား ၊ကျောင်းလိုသ လား၊ လျှပ်စစ်လိုသလား၊ ရေပေးဝေရေး စနစ်လိုသလား၊ ပန်းခြံလိုသလား၊ စာကြည့်တိုက် လိုသလား ဘာ ဘာကိုမှ ဟုတ္တိပတ္တိ တင်ပြလို့ မတတ်ကြတော့ဘူးလို့ ဆိုပါတယ်။

အကြောင်းကတော့ ပြည်သူကို ဗဟိုပြုတဲ့ ဒီမိုကရေစီစနစ် ဆိပ်သုဉ်းတာ ရာစုနှစ် တစ်ဝက်ကျော် ကြားသွားခဲ့တဲ့ အကျိုးဆက် ဖြစ်ပါ တယ်။ ဒီအတွက်လည်း မြို့နယ် တစ်မြို့နယ်ရဲ့ သူ့ဖာသာသူ လုပ်ရမယ့် မီးဘေးအန္တရာယ် ကြိုတင် တားဆီး ကာကွယ်ရမယ့် လုပ်ငန်းမှာ ဒေါ်အောင်ဆန်းစုကြည်လို နိုင်ငံ့ခေါင်းဆောင်တစ်ယောက်က ဝင်ပါရခြင်း ဖြစ်ပါတယ်။ အခြားသော ရပ်ကွက် ကျေးရွာတွေ မှာတော့ အဲလို ပါဝင်ခြင်းမရှိလို့၊ ပါဝင်ဖို့ သြဇာဏာအာလည်း မရှိလို့ ဘာအစီအမံမှ ရှိမနေပါဘူး။ ပြည်သူတွေဟာ မီးလောင်တော့လည်း လောင်သွားပြန်ပြီ၊ မုန်တိုင်းတိုက်တော့လည်း တိုက်ပြန်ပြီ၊ မြေပြိုတော့လည်း ပြိုသွားပြန်ပြီ၊ ရေကြီး တော့လည်း ကြီးသွားပြန်ပြီ ရှေး ကမ္ဘာဦးလူသားတွေလို ခံကြီးပဲ ခံနေရတာ ဖြစ်ပါတယ်။

တကယ်တာ့ ဒီလို အလားတူ ကိစ္စမျိုးတွေကို ဒေါ်အောင်ဆန်းစုကြည်က တပ်လှန့် နှိုးဆော်လိုက်တာလည်း ဖြစ်နိုင် ပါတယ်။ ပြည်သူတွေဟာ ကိုယ့်အကျိုး၊ ကိုယ့်လိုလားချက်တွေအတွက် ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေ၊ မြို့နယ် အုပ်ချုပ်ရေးမှူးတွေ၊ အာဏာပိုင်တွေကို အရေးဆိုဖို့ အချိန်တန်ပြီ ဖြစ်ပါကြောင်း တင်ပြလိုက် ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly