လွှတ်တော်တစ်ခုရဲ့ အဓိပါ္ပယ်ကို ထပ်မံဖြည့်စွက်ခြင်း

လွှတ်တော်တစ်ခုရဲ့ အဓိပါ္ပယ်ကို ထပ်မံဖြည့်စွက်ခြင်း

နိုင်ငံတစ်နိုင်ငံရဲ့ အဓိကထောက်တိုင်ကြီး သုံးခုအနက် တစ်ခုဖြစ်တဲ့ ထောက်တိုင်ကြီးကတော့ လွှတ်တော်ကြီးပဲ ဖြစ်ပါတယ်။ ဒီထောက်တိုင်ကြီးသုံးခုကို မဏ္ဍိုင်ကြီးသုံးရပ်လို့လည်း ခေါ်လို့ရပါတယ်။ ဒီတော့ကာ လွှတ်တော်ကြီးကို မဏ္ဍိုင်ကြီး တစ်ရပ်လို့လည်း ပြောလို့ရပါတယ်။

ထောက်တိုင်ကြီးဖြစ်လို့ တနည်းအားဖြင့် မဏ္ဍိုင်ကြီးဖြစ်လို့ ထောက်တိုင်တို့ မဏ္ဍိုင်တို့ရဲ့ ထုံးစံ အတိုင်း ခိုင်မာတောင့်တင်း တည့်မတ်ရမယ့်သဘော ရှိပါတယ်။ ယိုင်လို့နဲ့လို့ မဖြစ်ပါဘူး။ လွှတ်တော် တစ်ခုကို အဓိပ္ပါယ်ဖွင့်ဆိုမှု၊ ကိုယ်စားပြုမှုနဲ့ ဦးတည်မှုများကို လေ့လာရင် ဒီလွှတ်တော်ကြီးဟာ ယိုင်နဲ့ နေတဲ့ လွှတ်တော်ကြီးလား၊ ခိုင်မာတဲ့ လွှတ်တော်ကြီးလားဆိုတာ အကဲခတ်လို့ရပါတယ်။

သည်ရက်အတွင်း လွှတ်တော်နဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောစကားဟာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ လွှတ်တော်သည် ပြည်သူ့ မျက်နှာကို အဓိကကြည့်ရမည်ဖြစ်ကြောင်း၊ အစုအဖွဲ့မျက်နှာကို ကြည့်ရမည်မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒုတိယအကြိမ် လွှတ်တော်ကိုယ်စားလှယ်များအတွက် လွှတ်တော်ဆိုင်ရာ လုပ်ငန်းများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

ဒီစကားဟာ ငါးနှစ်တာ သက်တမ်းရှိခဲ့ပြီဖြစ်တဲ့ လွှတ်တော်ကြီးရဲ့ ကြွေးကြော်သံတစ်ခုဖြစ်တဲ့ လွှတ်တော်အသံ ပြည်သူ့အသံ ဆောင်ပုဒ်ကိုထပ်မံ အဓိပါ္ပယ် ဖွင့်ဆိုတဲ့သဘောလည်း ဖြစ်ပါတယ်။ သည်နေရာမှာ ဒေါ်အောင်ဆန်းစုကြည် ဖြည့်စွက်ပြောဆိုလိုက်တဲ့ စကားကတော့ လွှတ်တော်ကြီးဟာ မိမိ အစုအဖွဲ့မျက်နှာကို ကြည့်ရမည်မဟုတ်ဆိုတဲ့ စကားဖြစ်ပါတယ်။ သည့်ထက် အသေးစိတ်ပြီး သည့်ထက် လက်တွေ့ကျသည့် စကားကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါသေးတယ်။

လွှတ်တော်ကြီးဟာ လွှတ်တော်ကိုယ်စားလှယ်များရဲ့ တစ်ဦးချင်း အကျိုးစီးပွားအတွက် လှေကားထစ် မဟုတ်သလို အပြန်အလှန် စွပ်စွဲပြောဆို အနိုင်လုသည့် ကြိုးဝိုင်းတစ်ခု မဟုတ်ဘူးဆို တဲ့ အဓိပါ္ပယ် သက်ရောက်သည့်စကားကို ပြောခဲ့ပါသေးတယ်။

ဒေါ်အောင်ဆန်းစုကြည်က ဒီအချိန်မှာ ဘာ့ကြောင့် ဒီစကားကို ပြောလာရသလဲ။ ယေဘုယျ အားဖြင့်ဆိုလျင် ဒေါ်အောင်ဆန်းစုကြည် ဖြည့်စွက်ပြောဆိုသည့် လွှတ်တော်နှင့်ပတ်သက်သည့် အဓိပါ္ပယ် ဖွင့်ဆိုချက်မှာ အာလုံးလိုလို သိရှိပြီး လက်ခံထားကြရပြီးဖြစ်သည်ဟု ပြောနိုင်သော်ငြား လည်း လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် သည့်ထက် လက်တွေကျပြီး သည့်ထက် ပိုမိုမှန်ကန် သည့် အလုပ်များ လုပ်စေနိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခြင်းဖြစ်သည်ဟု ယူဆရပါတယ်။

သည်အတိုင်းဆိုပါက ပြီးခဲ့သည့် လွှတ်တော်သက်တမ်းအတွင်း လွှတ်တော်ကြီးသည် ပြည်သူ တို့၏ ဆန္ဒကို မှန်ကန်ပြည့်ဝအောင် ဆောင်ရွက်ပေးနိုင်ဖို့ရာ အားနည်းခဲ့သည်ဟု ဆိုကြရမှာ ဖြစ်ပါ တယ်။ ဥပမာ မြေယာသိမ်းဆီးမှုနှင့် ပတ်သက်သည့် ဥပဒေများ၊ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခွင့် ရှိသူ၏ အရည်အချင်းနှင့် ပတ်သက်သည့် ဥပဒေများ၊ နိုင်ငံတော်သမ္မတဖြစ်ခွင့် ရှိသူနှင့် ပတ်သက် သည့် ဥပဒေများမှာ လူထုဆန္ဒ လူထုအကျိုး အပြည့်အဝ ထင်ဟပ်သည့် ကိုယ်စားပြုသည့် ဥပဒေများ ဖြစ်နေသေးသည့်အတွက် ယခုအခါ ဖွဲ့စည်းပုံ အခြေခံဥပဒေ အကြပ်အတည်းပြဿနာကို လွှတ်တော် ကြီးအတွင်း ကြုံတွေ့နေကြရတာ အထင်အရှားပါပဲ။

ဒါကြောင့်မို့ လွှတ်တော်ကြီးရဲ့ မူလ ကြွေးကြော်သံနဲ့ ကိုက်ညီအောင်၊ နောက်ထပ် ဖြည့်စွက် ပြောဆိုသည့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားနဲ့ ကိုက်ညီအောင် မိမိတို့နိုင်ငံကြီးရဲ့ လွှတ်တော်ကြီး အတွင်း ဥပဒေများ ပြင်ဆင်ခြင်း၊ အသစ်ချမှတ်ခြင်း အလုပ်များကို မလွဲမသွေ လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ သည်လို ဥပဒေပြုပြင်ခြင်းနဲ့ ဥပဒေပြဌာန်းခြင်း လုပ်ငန်းများ လုပ်တဲ့ အခါ လူတစ်စု၊ အသင်း အဖွဲ့ တစ်ခုအတွက် မဟုတ်ပဲ ပြည်သူတွေလိုလားတဲ့ ဥပဒေများသာ ပြဌာန်း နိုင်အောင် ကြိုးစားကြရမှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly