သမ္မတ ဂျိုး ဘိုင်ဒင်၌ COVID-19 ထပ်တွေ့သော်လည်း ကျန်းမာရေး ကောင်းနေဆဲဟု ဆို 

သမ္မတ ဂျိုး ဘိုင်ဒင်၌ COVID-19 ထပ်တွေ့သော်လည်း ကျန်းမာရေး ကောင်းနေဆဲဟု ဆို 
Photo - AFP

ဩဂုတ် ၁

အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒင်သည် COVID-19 ကူးစက်မှု ထပ်မံ တွေ့ရှိသော်လည်း “ကျန်းမာရေး ကောင်းနေဆဲ” ဖြစ်သည်ဟု ၎င်း၏ ဆရာဝန်က ပြောသည်။ 

သမ္မတ ဂျိုး ဘိုင်ဒင်သည် COVID-19 ပထမအကြိမ် ကူးစက်မှုမှ ယခုသီတင်းပတ်အစောပိုင်း ပြန်လည်သက်သာလာခဲ့သော်လည်း လေးရက်ကြာ စမ်းသပ်စစ်ဆေးမှု၌ ပိုးမတွေ့ခဲ့ရာမှ စနေနေ့တွင် ထပ်မံ၍ COVID-19 အား စမ်းသပ်တွေ့ရှိခြင်း ဖြစ်သည်။ 

“တစ်ကျော့ပြန် COVID-19 ပိုးတွေ့ရှိမှု” အခြေအနေမျိုး ဖြစ်ကြောင်း အိမ်ဖြူတော် ဆရာဝန် ကီဗင် အို ကွန်နောက တနင်္ဂနွေနေ့ မှတ်တမ်းတွင် ရေးသွင်းထားသည်။ 

ဘိုင်ဒင်ကဲ့သို့ Paxlovid ဆေးနှင့် ကုသမှုခံယူသော လူနာများတွင် အချိန်တချို့၌ ဗိုင်းရပ်စ် ကင်းစင်သွားသည်ကို ပြသတတ်ပြီး နောက်ပိုင်းတွင် ပြန်လည်စမ်းသပ်တွေ့ရှိမှု ဖြစ်တတ်ကြောင်း ၎င်းက ပြောသည်။ 

“သမ္မတဟာ သီးခြားခွဲနေတာကို တင်းတင်းကျပ်ကျပ် လိုက်နာဆောင်ရွက်လျက် ရှိပါတယ်”ဟု အိုကွန်နောက ပြောသော်လည်း အမေရိကန်ပြည်သူများ၏ အကျိုးစီးပွားအတွက် အိမ်ဖြူတော်ကနေ လုပ်ငန်းတာဝန်များကို ဆက်လက် ထမ်းဆောင်နေဆဲဖြစ်သည်ဟု ဆိုသည်။ 

သမ္မတ ဘိုင်ဒင်တွင် COVID-19 ထပ်တွေ့ပြန်သော်လည်း ရောဂါလက္ခဏာများ ပြသတော့ခြင်းမရှိ၍ နောက်ထပ် ကုသမှုအတွက် မလိုအပ်ကြောင်းလည်း အိုကွန်နောက စနေနေ့တွင် ပြောသည်။ 

ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပြီးသော်လည်း ယခုကဲ့သို့ COVID-19 ကူးစက်၍ ပြည်တွင်းခရီးစဉ်များ ဖျက်သိမ်းခဲ့ရသည့် သမ္မတ ဘိုင်ဒင်က “ကျွန်တော် အလုပ်တွေ လုပ်နေတုန်းပဲ၊ မကြာမီ လမ်းပေါ် ထွက်လာမှာ ဖြစ်တယ်”ဟု စနေနေ့က တွစ်တာတွင် ရေးသားသည်။ 

နိုဝင်ဘာတွင် အသက် ၈၀ ပြည့်မည့် ဂျိုး ဘိုင်ဒင်သည် သမိုင်း၌ အသက်အကြီးဆုံး သမ္မတ ဖြစ်သော်လည်း သူ့၏ ကျန်းမာရေးမှာ ပုံမှန် ကောင်းမွန်စွာ ရှိနေသည်ဟု အိုကွန်နောက ကြေညာခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required