အမေရိကန်သည် ရုရှအတွက် အဓိက ခြိမ်းခြောက်မှု ဖြစ်ဟု ပူတင် ပြော

အမေရိကန်သည် ရုရှအတွက် အဓိက ခြိမ်းခြောက်မှု ဖြစ်ဟု ပူတင် ပြော
Photo - AFP

ဩဂုတ် ၁

အမေရိကန်သည် ရုရှ၏ အဓိက ပြိုင်ဘက် ဖြစ်သည်ဟု ထုတ်ဖော်ထားသလို အာတိတ်နှင့် ပင်လယ်နက်ကဲ့သို့ အရေးပါသော ဧရိယာများအတွက် ရုရှ၏ ကမ္ဘာလုံးဆိုင်ရာ ရေကြောင်း ရည်မှန်းချက်များကို သတ်မှတ်ထားရှိသည့် ရေတပ် အယူဝါဒ စာရွက်စာတမ်းသစ်ကို ရုရှသမ္မတ ဗလာဒီမာ ပူတင်က တနင်္ဂနွေ့နေ့တွင် လက်မှတ်ထိုးလိုက်သည်။

ကြီးမြတ်သော ဇာဘုရင် ပီတာ ထူထောင်ခဲ့သည့် အင်ပါယာမြို့တော်ဟောင်း စိန့် ပီတာစဘာ့ဂ်တွင် ကျင်းပသည့် ရုရှ ရေတပ်နေ့အခမ်းအနား၌ ပူတင်က မိန့်ခွန်းပြောရာတွင် ရုရှကို ကြီးမားသော ပင်လယ်ရေကြောင်း အင်အားကြီးနိုင်ငံ ဖြစ်စေခြင်းနှင့် ကမ္ဘာ့အလယ်တွင် ရုရှနိုင်ငံ၏ ရပ်တည်မှုကို မြင့်တက်စေခြင်းအတွက် ဇာဘုရင် ပီတာကို ပူတင်က ချီးမွမ်းပြောဆိုခဲ့သည်။

ပူတင်သည် ရေတပ်ကို စစ်ဆေးပြီးနောက် မိန့်ခွန်း ပြောရာတွင် ရုရှ၏ ထူးခြားသော ဇာကွန် ဟိုက်ပါဆောနစ် ခရု(စ်) ဒုံးကျည်များအကြောင်း ပြောသွားခဲ့ပြီး ဖြစ်နိုင်ခြေရှိ မည်သည့် ကျူးကျော်သူကိုမဆို အနိုင်ယူနိုင်သည့် စစ်ရေးဩဇာမျိုး ရုရှတွင် ရှိသည်ဟု ပူတင်က သတိပေးသွားခဲ့သည်။

ထို မိန့်ခွန်း မပြောမီ ပူတင်သည် စာမျက်နှာ ၅၅ မျက်နှာပါ ရေတပ် အယူဝါဒ စာရွက်စာတမ်းသစ်ကို လက်မှတ်ထိုးခဲ့ပြီး ယင်းတွင် “ကြီးမားသော ပင်လယ်ရေကြောင်း အင်အားကြီးနိုင်ငံ” တစ်နိုင်ငံ ဖြစ်ရေး ရည်မှန်းချက်များအပါအဝင် ရုရှ ရေတပ်၏ ကျယ်ပြန့်သော မဟာဗျူဟာ ရည်မှန်းချက်များကို စီစဉ်သတ်မှတ်ထားသည်။

ကမ္ဘာ့ ပင်လယ် သမုဒ္ဒရာများကို လွှမ်းမိုးခြယ်လှယ်မည့် အမေရိကန်၏ မဟာဗျူဟာ မူဝါဒ နှင့် နေတိုး စစ်ရေးမဟာမိတ်အုပ်စုက ရုရှ၏ နယ်စပ်များဆီသို့ နီးကပ်လာစေရန် ရွှေ့လာနေမှုတို့က ရုရှအတွက် အဓိက ခြိမ်းခြောက်မှု ဖြစ်သည်ဟု အဆိုပါ အယူဝါဒ တွင် ထုတ်ဖော်ထားသည်။

သံတမန်ရေးနှင့် စီးပွားရေး နည်းလမ်းများကဲ့သို့ ပါဝါအပျော့များက ထိရောက်မှု မရှိပါက ရုရှအနေဖြင့် ကမ္ဘာ့ သမုဒ္ဒရာများတွင် အခြအနေနှင့် သင့်လျော်စွာဖြင့် စစ်ရေးအင်အားကို အသုံးပြုကောင်း ပြုသွားနိုင်သည်ဟု ထို အယူဝါဒတွင် ထုတ်ဖော်ထားသည် ဖြစ်ရာ ရုရှသည် ကမ္ဘာတစ်ဝန်း ရေတပ်အခြေစိုက်နေရာ လုံလုံလောက်လောက် ရှိမနေ ဆိုသည်ကို ဝန်ခံသလို ဖြစ်စေခဲ့သည်။

ရုရှ၏ ဦးစားပေးကိစ္စက အိန္ဒိယနှင့် မဟာဗျူဟာကျ၊ ရေတပ် ပူးပေါင်းဆောင်ရွက်မှုများ ဖော်ဆောင်ရန်နှင့် အီရန်၊ အီရတ်၊ ဆော်ဒီ အာရေးဗျ၊ ဒေသရှိ အခြားသော နိုင်ငံများနှင့် ပိုမို ကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်ရန် ဖြစ်ကြောင်း အဆိုပါ အယူဝါဒတွင် ထုတ်ဖော်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly