မြန်မာ့လူ့အခွင့်အရေးတိုးတက်ရန် ကုလ အထောက်အကူ လိုအပ်နေဆဲဟု AI ထုတ်ပြန်

မြန်မာ့လူ့အခွင့်အရေးတိုးတက်ရန် ကုလ အထောက်အကူ လိုအပ်နေဆဲဟု AI ထုတ်ပြန်

ဖေဖော်ဝါရီလ ၁၆ ရက် ။            ။ မကြာသေးမီက ပြီးဆုံးသွားသည့် ရွေးကောက်ပွဲကိုသာကြည့်ပြီး ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ စုံစမ်း လေ့လာမှုများ မြန်မာနိုင်ငံတွင် မလိုအပ်တော့ပြီဟု မမြင်သင့်ကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ ကြီး AI က ထုတ်ပြန်သည်။

ယခုနှစ် ဧပြီလတွင် ကျမ်းကျိန်တော့မည့် အစိုးရအသစ်အနေဖြင့် ကျယ်ပြန့်သည့် လူ့အခွင့်အရေးဆိုင်ရာကိစ္စ များကို ရင်ဆိုင်ဖြေရှင်းရမည်ဖြစ်သော်လည်း ပြောင်းလဲလာသည့်အနေအထားအရ မည်သည့်စွမ်းရည်နည်းနာ များကို အသုံးပြုမည်ဆိုသည်မှာမူ သဲသဲကွဲကွဲ မရှိသေးဘဲ ဖြစ်နေသေးသည်ဟုဆိုသည်။

တိုင်းရင်းသားလူမျိုးနှင့် အနည်းစုဘာသာရေးဆိုင်ရာများတွင် ခွဲခြားဆက်ဆံမှုများကိုလည်း ရပ်တန့် သွားစေရန် လည်း ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ အယူအဆဟောင်းများ၏ လွှမ်းမိုးမှုများ၊ အမုန်းစကားများ ပြောဆို ဖြန့်ချိ နေမှုများလည်း ရပ်တန့်သွားစေရန် သေချာစေရမည်ဟု ဖော်ပြသည်။

တိုက်ပွဲများဖြစ်နေသည့် နယ်မြေများ၌ ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ ရပ်တန့်သွားစေရန် ဆောင်ရွက်ရဦးဖြစ်သဖြင့် နိုင်ငံတကာလူ့အခွင့်အရေးစံချိန်စံနှုန်းများပြည့်မီစေရန်အတွက် အစိုးရအသစ် အနေဖြင့် ကုလသမဂ္ဂမှ အထောက်အကူများလိုအပ်နေဦးမည်ဖြစ်သည်ဟု AI က သုံးသပ်ထားသည်။

လူ့အခွင့်အရေးကောင်စီအနေဖြင့် ဆုံးဖြတ်ချက်များနှင့်အညီ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၏ သက်တမ်းတိုးရေးနှင့် အစိုးရသစ်ကိုလည်း အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ပေးရန်   တောင်းဆိုသင့်ကြောင်း အကြံပြုထားသည်။

အစိုးရအသစ်အတွက် အခြားအရေးကြီးစိန်ခေါ်မှုတစ်ခုမှာ တပ်မတော်နှင့် ဆက်ဆံလက်တွဲရေးပင် ဖြစ်သည်ဟု ဆိုသည်။ အစိုးရအသစ်ပြောင်းလဲသွားသည့်တိုင် တပ်မတော်သည် နိုင်ငံရေးနှင့် စီးပွားရေးအရ လွှမ်းမိုးထားဆဲ ဖြစ်သည်။ ဖွဲ့စည်းပုံပြင်ဆင်ရန် လွှတ်တော်အတွင်း၌ ဗီတိုအာဏာရထားပြီး ပြည်ထဲရေး၊ နယ်စပ်ရေးရာနှင့် ကာကွယ်ရေးဝန်ကြီးများကိုလည်း တပ်မတော်ကသာ တိုက်ရိုက်ခန့်အပ်ခွင့်ရှိနေခြင်းလည်းဖြစ်သည်။

အရေးကြီးသည့် ယင်းဝန်ကြီးဌာနများကို မထိန်းချုပ်နိုင်ဘဲနှင့် အစိုးရအသစ်အနေဖြင့် လူ့အခွင့်အရေးလေးစား လိုက်နာရေး ဆိုင်ရာများကို မည်သို့ဆောင်ရွက်မည်မှာလည်း ရှင်းရှင်းလင်းလင်း မသိရှိသေးပေ။

AI က ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ ကြာရှည်ဆိုးရွားစွာဖြစ်ပေါ်ခဲ့ခြင်း၊ သမ္မတ ဦးသိန်းစိန်က အဖြူရောင်ကဒ်ဟုခေါ်ကြသည့် ယာယီသက်သေခံကဒ်များကို ပယ်ဖျက်မိန့်ချပြီး နောက်ပိုင်းတွင် ရိုဟင်ဂျာအများစုသည် မည်သည့်သက်သေခံလက်မှတ်မျှမရှိတော့ဘဲ ဖြစ်သွားခြင်းများကိုလည်း စိုးရိမ်ဖွယ်ရာအဖြစ် ထောက်ပြထားသည်။

ရိုဟင်ဂျာအများအပြား ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် မဲပေးမှုမှ တားဆီးခံရသည်ကို AI နှင့် အခြား လူ့အခွင့် အရေးအဖွဲ့များက သိရှိခဲ့ကြရပြီး အရွေးချယ်ခံရန် တင်သွင်းသည့် ရိုဟင်ဂျာများလည်း အရည်အချင်း မပြည့်မီ ဟု အကြောင်းဖြင့် နိုင်ငံရေးအခွင့်အရေးဆုံးရှုံးခဲ့သည်ဟု ဖော်ပြထားသည်။

ထို့ပြင်မြန်မာနိုင်ငံ၌ အယူစွဲကြီး ဗုဒ္ဓဘာသာဘုန်းတော်ကြီးများက တင်သွင်းသည့် ဘာသာရေးနှင့် အမျိုးသမီး ဘများအပေါ်ခွဲခြားသော အမျိုးဘာသာသာဿနာဆိုင်ရာ ဥပဒေ ၄ မျိုးကိုလည်း   ပြဌာန်းထားပြီး မူဆလင် ဆန့်ကျင်ရေး လှုံ့ဆော်မှုများ ပေါ်ပေါက်ခဲ့သော်လည်း လက်ရှိအစိုးရက ထိထိရောက်ရောက် အရေးယူနိုင်ခဲ့ခြင်း မရှိသည်ကို တွေ့ရသည်။

ဘုန်းတော်ကြီးများ၏ လုပ်ဟန်များကို ဝေဖန်ပြောဆိုသည့် လူ့အခွင့်အရေးကာကွယ် သူများပင် ထိန်းသိမ်းခြင်း၊ ထောင်ချခံရခြင်း၊ ခြိမ်းခြောက်ခံရခြင်းတို့ ရင်ဆိုင်ကြရသည်။

မြန်မာနိုင်ငံမြောက်ပိုင်းတွင်လည်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် တပ်မတော်အကြား ပြည်တွင်း စစ်ပွဲများ ပြန်လည်ကြီးထွားလာပြီး ၂၀၁၅ ခုတွင် အရပ်သား ဦးရေ တစ်သိန်းဝန်းကျင်သည် အိုးပစ်အိမ်ပစ် ပြောင်းရွှေ့နေထိုင်ကြရသည်။

နိုင်ငံတကာလူ့အခွင့်အရေးစံချိန်များကို တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များ ဆက်လက် ချိုးဖောက်မှုများလည်းဖြစ်ပေါ်နေသည်။ တရားလက်လွတ်သတ်ဖြတ်မှု၊ အစအနမရ လူပျောက်ဆုံးမှုများ၊ မုဒိန်းကျင့်မှုများအပါအဝင် လိင်စော်ကားမှုများ ဖြစ်သည်ဟု ဆိုသည်။ ပေါ်တာဆွဲမှု၊ ကလေးစစ်သား စုဆောင်းမှုကဲ့သို့သော အဓမ္မခိုင်းစေမှုများနှင့် လူသားချင်းစာနာမှု အထောက်အကူများကို ကန့်သတ် တားဆီးခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများလည်း ဖြစ်ပေါ်နေသည်။

၂၀၁၆ ခု ဇန်နာဝါရီလအတွင်း အကျဉ်းသားများကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့သော်လည်း ရာနှင့်ချီရှိသည့် နိုင်ငံရေးအကျဉ်းသားများမှာမူ ထောင်ကျနေသေးပြီး၊ လူ့အခွင့်အရေးကာကွယ်သူနှင့် ငြိမ်းချမ်းစွာ ဆန္ဒပြသူများ ရာနှင့်ချီ၍လည်း တရားရင်ဆိုင်နေရသည်။ အခြားလူ့အခွင့်အရေးလှုပ်ရှားသူများကိုလည်း အာဏာပိုင်များက နည်းမျိုးစုံဖြင့် စောင့်ကြည့် အနှောင့်အယှက်ပေးနေသည်။

နောက်တက်လာတော့မည့် အစိုးရအနေဖြင့် ယုံကြည်မှုကြောင့် အကျဉ်းကျနေသူအားလုံး လွတ်မြောက်ရေး အတွက် ဦးစားပေးလုပ်ငန်းများအတွင်း ထည့်သွင်းသွားမည်ဟု သိရသည့်အတွက် AI က ကြိုဆိုပါသည်။

သို့သော် ဖိနှိပ်သည့် ဥပဒေများရှိနေသေးသရွေ့ ဖမ်းဆီးအကျဉ်းချမှုများမှာ ဆက်လက်ဖြစ်ပေါ်နေဦးမည် ဖြစ်သည်။ ရဲတပ်ဖွဲ့၊ တရားရေး၊ အကျဉ်းဦးစီးနှင့် ဒေသန္တရအုပ်ချုပ်ရေးများကို စီမံသည့်   ပြည်ထဲရေးဝန်ကြီး ဌာန၏ ပူးပေါင်းပါဝင်မှုနှင့်သာ ယင်းချိုးဖောက်မှုများကို ရပ်တံ့စေနိုင်မည်ဟု AI က ထောက်ပြသည်။

ကုလမှ ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များသည် စီးပွားရေး၊ လူမှုရေးနှင့် ယာဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများ အတွက် လုံလောက်သည့်အနေအထား မရှိခဲ့သည်ကို AI က သတိထားမိပါသည်။ လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်စေသည့် စီးပွားရေးစီမံကိန်းများကို ဖျက်သိမ်းရန် ကြိုးစားမှုများသည်လည်း လုံလောက်သည့် အာရုံစိုက်မှု မရရှိခဲ့ပေ။

ရင်းနှီးမြှုတ်နှံမှုများနှင့် အကြီးစားဖွံ့ဖြိုးမှုစီမံကိန်းများသည်လည်း ဒေသခံများအတွက် အကျိုးမရှိသည့်ပြင် ဒေသခံများ၏ စိုးရိမ်မှုများကိုပင် လစ်လျူရှုပြီး ဆက်လက်ဆောင်ရွက်နေကြသည်။ လူ့အခွင့်အရေးကောင်စီ အနေနှင့် ၂၀၁၆ ခု ဆုံးဖြတ်ချက်များအတွင်း စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေး များအတွက်လည်း ထည့်သွင်းသင့်ကြောင်း AI က သူ၏ ထုတ်ပြန်ချက်အတွင်း အကြံပြုထားသည်။

ထို့ပြင် လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အနေနှင့် သူမ၏ လုပ်ငန်းတာဝန်များဖြစ်သည့် ယင်းနယ်ပယ် အတွင်း တိုးတက်မှုရှိမရှိကို ဆက်လက်စောင့်ကြည့်လေ့လာသွားနိုင်ရန်  တောင်းဆိုသင့် သည်ဟု ဆိုသည်။

လုံခြုံရေးတပ်ဖွဲ့များနှင့် အစိုးရအရာရှိများအား လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် အရေးယူမှုမှ ကင်းလွတ်ခွင့်ရနေခြင်းကိုလည်း AI က စိုးရိမ်လျက်ရှိကြောင်း ဖော်ပြပြီး၊ ယင်းသည် ခံရသူကာယကံရှင်နှင့် ၎င်း၏ မိသားစု၏ ဥပဒေအရ တရားမျှတမှုရပိုင်ခွင့်၊ အမှန်တရားနှင့် နစ်နာမှုများအတွက် ငြင်းဆိုခြင်းပင်ဖြစ်သည်။

AI အဖွဲ့ကြီးအနေဖြင့် အထူးစိုးရိမ်မှု နောက်တစ်ခုမှာ မကြာသေးမီက ပြဌာန်းလိုက်သည့် သမ္မတဟောင်း အတွက် လုံခြုံရေးဆိုင်ရာဥပဒေပင်ဖြစ်သည်။ ယင်းဥပဒေက သမ္မတဟောင်းများအတွက် လူ့အခွင့်အရေး မည်မျှချိုးဖောက်ခဲ့စေကာမူ အကာအကွယ် ရရှိစေမည်ဟု သိရသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီးရုံးကို မြန်မာနိုင်ငံတွင် ဌာနေရုံးဖွင့်လှစ်ရန် မဖြစ်နိုင်သေးသည့် အခြေအနေတွင် ကုလလူသားချင်းစာနာမှုရုံး ဝန်ထမ်းများသည် မြန်မာနိုင်ငံတွင် လုပ်ငန်းများ ဆောင်ရွက်နေ သော်လည်း နိုင်ငံအနှံ့ လွတ်လပ်စွာ သွားလာနိုင်မှုကိုမူ AI က စိုးရိမ်ပူပန်သည်။ ကုလလူသားချင်းစာနာမှုရုံး ဝန်ထမ်းများအား အကာအကွယ်ဖြင့်   နိုင်ငံအနှံ့သွားရောက်ခွင့်ရရှိခြင်းဖြင့်သာ လူ့အခွင့်အရေးချိုးဖောက်မှုများကို လေ့လာစိစစ်နိုင်မည်ဖြစ်ပါသည်။

မကြာမီတက်လာမည့် အစိုးရအသစ်ရင်ဆိုင်ရမည့် စိန်ခေါ်မှုများ၌ လူ့အခွင့်အရေးကိုယ်စားလှယ်၏ သက်တမ်း နှင့် လုပ်ပိုင်ခွင့်ကို သက်တမ်းတိုးရမည့်အချက်လည်းပါသည်ဟု AI က ယုံကြည်ပါသည်။ နိုင်ငံတကာ အသိုင်း အဝန်းအနေဖြင့်လည်း လူ့အခွင့်အရေးအပေါ် အစိုးရသစ်၏ သဘောထားနှင့် ဆောင်ရွက်ချက်များကို သုံးသပ် စိစစ်မှုများကို ဆောင်ရွက်သင့်သည်ဟု အကြံပြုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly