တရုတ်အစိုးရ၏ ဖိနှိပ်မှုကြောင့် Ant Group မှ ထိပ်တန်းအရာရှိများ Alibaba Partnership မှ နုတ်ထွက်

တရုတ်အစိုးရ၏ ဖိနှိပ်မှုကြောင့် Ant Group မှ ထိပ်တန်းအရာရှိများ Alibaba Partnership မှ နုတ်ထွက်

အွန်လိုင်း ကူးသန်းရောင်းဝယ်ရေး ကုမ္ပဏီကြီးဖြစ်သည့် Alibaba ၏ ဘုတ်အဖွဲ့အား အမည်စာရင်း တင်သွင်းခွင့်ရှိသည့် Ant Group ၏ အမှုဆောင်အရာရှိများသည် Alibaba Partnership တွင် ဆက်လက် မပါဝင်တော့ကြောင်း ကုမ္ပဏီက ဇူလိုင် ၂၆ရက်တွင် ထုတ်ပြန်သော နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်အစိုးရက စည်းမျဉ်းစည်းကမ်းဆိုင်ရာ ဖိနှိပ်မှုများကြောင့် ကုမ္ပဏီကြီး ၂ ခု ယခုကဲ့သို့ လမ်းခွဲလိုက်ခြင်းဖြစ်သည်။

Alibaba Group သည် ၂၀၁၀ပြည့်နှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ယင်း၏ မိတ်ဖက်စည်းမျဉ်းများကို ပြန်ပြင်ဆင်ခဲ့ပြီး Alibaba ၏ ဘုတ်အဖွဲ့အများစုကို အမည်စာရင်းတင်သွင်းရန် အခွင့်အာဏာရှိသည့် အုပ်စုတစ်ခုကို ဖွဲ့စည်းခဲ့သည်။

သတ်မှတ်စည်းမျဉ်းများအရ Alibaba ဝန်ထမ်းများကိုသာ မိတ်ဖက်အဖွဲ့တွင် ပါဝင်ခွင့်ပြုထားသည်။

Alibaba ၏ လုပ်ငန်းခွဲများမှ ဝန်ထမ်းများသည် မေ ၃၁ ရက်မှ စတင်ကာ မိတ်ဖက်များ မဟုတ်တော့ကြောင်း ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။ Ant က ထုတ်ပြန်ချက်တွင် ယင်းလှုပ်ရှားမှုသည် 'လုပ်ငန်းအုပ်ချုပ်မှု အားကောင်း စေရန် မိမိတို့ စဉ်ဆက်မပြတ်ကြိုးပမ်းအားထုတ်မှု၏ တစ်စိတ် တစ်ပိုင်းဖြစ်သည်' ဟု ဖော်ပြထားသည်။

အမှုဆောင်ချုပ် အိုင်းရစ် ကျင်း အပါအဝင် Ant Group အမှုဆောင် ၇ ဦးသည် Alibaba Partnership မှ နုတ်ထွက်ခဲ့ရသည်။ အခြားသူများတွင် နည်းပညာအရာရှိချုပ်နှင့် ဝန်ထမ်းအရာရှိချုပ်တို့ပါဝင်သည်။

Alibaba ၏ အငြိမ်းစားအမှုဆောင်အရာရှိ ၂ ဦးသည်လည်း မိတ်ဖက်လုပ်ငန်းမှ ထွက်ခွာသွားခဲ့ပြီးနောက် Alibaba Partners တွင် ၂၀၂၁ခုနှစ်က ၃၈ ဦးရှိရာမှ ၂၉ ဦးသာ ရှိတော့သည်။

တရုတ်အစိုးရ၏ ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်ဖွဲ့စည်းမှုများကြောင့် Ant ၏ ဒေါ်လာ ၃၇ ဘီလီယံတန်ဖိုးရှိ ကနဦးအများပြည်သူသို့ရှယ်ယာရောင်းချမှုကို ၂၀၂၀ပြည့်နှစ်တွင် မလုပ်ဆောင်နိုင်ခဲ့ဘဲ ကုမ္ပဏီ ၂ ခုသည် တင်းကျပ်သောလုပ်ငန်းဆောင်ရွက်မှုနယ်နိမိတ်များသတ်မှတ်ရန် ခြေလှမ်းများ စတင်လုပ်ဆောင်ခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

ဘုတ်အဖွဲ့ကို ပြန်လည်ပြင်ဆင်မှု ပြုလုပ်ပြီးနောက် Alibaba မှ ဝါရင့်ပုဂ္ဂိုလ် ကျန်းဖန် အပါအဝင် ထိပ်တန်း ပုဂ္ဂိုလ်များ ထွက်ခွာသွားကြပြီးနောက် Ant သည် ငွေကြေးဆိုင်ရာ ကုမ္ပဏီတစ်ခုအဖြစ် ဆောင်ရွက်မည့် စီမံချက်ကို စတင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly