အရပ်သား ၅၀နီးပါးသေဆုံးခဲ့သော ဆီးရီးယားလေကြောင်းတိုက်ခိုက်မှု ကုလနှင့် အမေရိကန်ရှုတ်ချ

အရပ်သား ၅၀နီးပါးသေဆုံးခဲ့သော ဆီးရီးယားလေကြောင်းတိုက်ခိုက်မှု ကုလနှင့် အမေရိကန်ရှုတ်ချ

ဘေရွတ်၊ ဖေဖော်ဝါရီ ၁၆ ။           ။ ဆီးရီးယားရှိ ဆေးဘက်အဆောက်အအုံများနှင့် စာသင်ကျောင်းများကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သည့် အတွက် အရပ်သား ၅၀နီးပါးသေဆုံးခဲ့သည်ဟု ကုလသမဂ္ဂက ပြောသည်။ ယင်းသို့တိုက်ခိုက်မှုမှာ ရုရှားဖြစ်နိုင်သည်ဟု အမေရိကန်က သွယ်ဝိုက်ပြောကြားသည်။

မျှော်လင့်ထားသောအပစ်အခတ်ရပ်စဲရေး မတိုင်မီ ကာ့ဒ်တိုက်ခိုက်ရေးသမားများသည် တူရကီတို့က နယ်စပ်ဖြတ်ကျော် လက်နက်ကြီးများဖြင့် ပစ်နေသည့်ကြားမှ အဓိကကျသော မြို့တစ်ခုကို သိမ်းပိုက်လိုက်သည်ဟု စောင့်ကြည့်လေ့လာသူတစ်ဦးက ပြောသည်။ ယခုသီတင်းပတ်နောက်ပိုင်းတွင် စတင်မည့် အပစ်အခတ်ရပ်စဲရေးအစီအစဉ်ကို ဆီးရီးယားသမ္မတ ဘာရှားအယ်လ်အာဆတ်က ကဖျက်ယဖျက်လုပ်နေပြီး အစီအစဉ်ကို အကောင်အထည်ဖော်ရန်မှာ ခက်ခဲ့လိမ့်မည်ဟု ပြောကြားနေသည်။

ဆီးရီးယားမြောက်ပိုင်း အလက်ပိုနှင့် အစ်ဒ်လစ်ပြည်နယ်များတွင် အနည်းဆုံးဆေးဘက်အဆောက်အအုံငါးခုနှင့် စာသင်ကျောင်းနှစ်ကျောင်းမှာ လေကြောင်းမှ တိုက်ခိုက်ခံခဲ့ရပြီး ကလေးများအပါအဝင် အရပ်သား ၅၀နီးပါးသေဆုံးခဲ့သည်ဟု ကုလကပြောသည်။ ယင်းကဲ့သို့တိုက်ခိုက်မှုများမှာ နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ခြင်းဖြစ်သည်ဟု ကုလအကြီးအကဲဘန်ကီမွန်က ယူဆသည်ဟု ကုလ၏ ဒု-ပြောခွင့်ရအမျိုးသား ဖာဟန်းဟက်က ပြောသည်။

ဆီးရီးယားမြောက်ပိုင်းရှိ အလက်ပိုအတွင်းအပြင်တွင် အရပ်ဘက်ဆေးရုံနှစ်ခုမှာ လေကြောင်းတိုက်ခိုက်မှုခံခဲ့ရပြီး တစ်ခုမှာ နယ်စည်းမခြားဆရာဝန်များအဖွဲ့(MSF)က ဦးစီး၍ နောက်တစ်ခုမှာ အဇက်မြို့မှ ဖြစ်သည်။

ယခုကဲ့သို့လုပ်ရပ်က အာဆတ်အစိုးရက ပြည်သူများအပေါ် ရက်စက်နေမှုကို ရပ်တန့်စေလိုသည့် ရုရှား၏ဆန္ဒ သို့မဟုတ် စွမ်းရည်ကို သံသယဖြစ်စေသည်ဟု အမေရိကန်နိုင်ငံခြားရေးဋ္ဌာနက ပြောသည်။ သို့သော်လည်း ရုရှားဆိုင်ရာ ဆီးရီးယားသံအမတ် ရီးယက်ဟာဒက်ကမူ ဆေးရုံမှာ အမေရိကန်တို့၏ တိုက်ခိုက်ရေးပစ်မှတ်ဖြစ်နေသည်ဟု ဆိုသည်။

"အမေရိကန်စစ်လေယာဉ်တွေက ဒါကိုဖျက်ဆီးခဲ့တာပါ။ ရုရှားစစ်လေယာဉ်တွေနဲ့ ပတ်သက်မှုမရှိပါဘူး။ စုစည်းရရှိထားတဲ့ သတင်းတွေကလည်း လုံးဝထောက်ခံနေပါတယ်"ဟု၎င်းက ရုရှားနိုင်ငံပိုင်ရုပ်သံ Rossiya 24 သို့ပြောကြားခဲ့သည်။

ဆီးရီးယားမြေပြင်တွင် အကြမ်းဖက်တိုက်ခိုက်မှုများတိုးလာခြင်းနှင့် အန်ကာရာနှင့် မော်စကိုကြား အပြန်အလှန်ဝေဖန်တိုက်ခိုက်နေခြင်းက အဆိုပြုထားသည့် ငြိမ်းချမ်းရေးအစီအစဉ်ကို ထိခိုက်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly