ပါကစ္စတန်၏ အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရေး ဘာလို့ချ် တက်ကြွလှုပ်ရှားသူက အိန္ဒိယထံ အကူအညီ တောင်း

By The Print
29 July 2022
ပါကစ္စတန်၏ အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရေး ဘာလို့ချ် တက်ကြွလှုပ်ရှားသူက အိန္ဒိယထံ အကူအညီ တောင်း

ပါကစ္စတန် အာဏာပိုင်များကို ထိန်းချုပ်ဟန့်တားရန်နှင့် တောင်အာရှဒေသ ပါကစ္စတန် အကြမ်းဖက်ဝါဒကို အမြစ်ဖြတ်ဖယ်ရှားရန် ဘာလိုချီစတန်ကို ထောက်ခံကူညီပေးရေး လူသိများထင်ရှားသော ဘာလို့ချ်အခွင့်အရေး တက်ကြွလှုပ်ရှားသူ ပါမောက္ခ နေးလာ ကွာဒရီ ဘာလို့ချ်က ဇူလိုင် ၂၃ ရက်တွင် အိန္ဒိယအစိုးရကို တိုက်တွန်း လိုက်သည်။

အကူအညီ တောင်းခံနိုင်ရေး အိန္ဒိယသို့ အလည်အပတ်ခရီး သွားရောက်လျက်ရှိသည့် ကွာဒရီသည် ဇူလိုင် ၂၃ ရက်က ဂျန်တာ မန်တာ ပန်းခြံတွင် ပြုလုပ်သော ပွဲအခမ်းအနားတစ်ခု၌ အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ကွာဒရီသည် ထိုပွဲအခမ်းအနားတွင် ဘာလို့ချ် လွတ်လပ်ရေးအတွက် ကြိုးပမ်းမှုကို အလေးပေး ပြောဆိုခဲ့သလို အိန္ဒိယထံမှ အကူအညီတောင်းခံရန် ကြိုးပမ်းခဲ့သည်။ “ဘာလိုချီစတန်မှာ ပြည်တွင်းစစ်တစ်ခု ရှိနေတယ်။ လွတ်လပ်မှုအတွက် ဆက်လက် ကြိုးပမ်းတိုက်ပွဲဝင်နေရတယ်။

ရုန်းကန်ကြိုးပမ်းနေတဲ့ ငယ်ရွယ်တဲ့ မိန်းကလေးတွေနဲ့ ယောကျ်ားလေးတွေလည်း ရှိနေတယ်။

ပါကစ္စတန်လို့ ခေါ်တဲ့ အကြမ်းဖက်ဝါဒရဲ့ ဗဟိုချက်ကို အဆုံးသတ်စေဖို့ ဘာလိုချီစတန်နဲ့ လက်တွဲပူးပေါင်းဖို့ ကျွန်မအနေနဲ့ အိန္ဒိယအစိုးရကို တိုက်တွန်းပါတယ်” ဟု သူမက ပြောသည်။

တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြံ (CPEC) နှင့် ပတ်သက်၍ သူမက ပြောကြားရာတွင် “တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြံက ဘာလိုချီစတန်အတွက် သေဒဏ်တစ်ခုပါပဲ။ အဲဒါက စီးပွားရေး စီမံကိန်း မဟုတ်ပါဘူး။ စစ်တပ် စီမံကိန်းတစ်ခုပါ။ ဘယ်နိုင်ငံကမှ ဘာလို့ချ် ဆိပ်ကမ်းတွေကို ရောင်းချပိုင်ခွင့် မရှိပါဘူး။ တရုတ်နဲ့ ပါကစ္စတန် အခြေချနေရာတွေ တည်ဆောက်ဖို့ သူတို့က ကျွန်မတို့ကို ကျွန်မတို့ရဲ့ ဘိုးဘွားပိုင်မြေတွေကနေ ရွှေ့ပြောင်းထွက်ခွာရစေအောင် လုပ်နေတာပါ” ဟု သူမက ပြောသည်။

မကြာသေးမီက ပါကစ္စတန် ဘာလိုချီစတန်ပြည်နယ် ဂွာဒါ ခရိုင်၌ တက်ကြွလှုပ်ရှားသူများက ထိုင်သပိတ်တစ်ရပ် လုပ်ဆောင်ကြောင်း ကြေညာခဲ့ပြီး နိုင်ငံတွင် တရုတ်၏ ခါးပတ်လမ်းရပ်ဝန်း အခြေခံအဆောက်အအုံဆိုင်ရာ ကြိုးပမ်းမှုများနှင့် စပ်လျဉ်းပြီး ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို အစိုးရဘက်က ကိုင်တွယ်ဖြေရှင်းပေးရန် ပျက်ကွက်နေသည်ဟု ပြောခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required