ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းအတွက် တရုတ်၏ အသုံးစရိတ် ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်တွင် ဒေါ်လာ ၂၈ ဒသမ ၄ ဘီလီယံထိ ကျဆင်း

ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းအတွက် တရုတ်၏ အသုံးစရိတ် ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်တွင် ဒေါ်လာ ၂၈ ဒသမ ၄ ဘီလီယံထိ ကျဆင်း

ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI)များ လုပ်ဆောင်သော နိုင်ငံများတွင် တရုတ်နိုင်ငံ၏ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုအသုံးစရိတ်သည် ယမန်နှစ်က ၂၉ ဒသမ ၆ ဘီလီယံရှိခဲ့ရာမှာ ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်တွင် အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၄ ဘီလီယံအထိ ကျဆင်းသွားခဲ့ပြီး ရုရှား၊ အီဂျစ်နှင့် သီရိလင်္ကာတို့တွင် ထပ်မံအကောင်အထည်ဖော်မှုမရှိကြောင်း သုတေသနတစ်ရပ်၌ ဖော်ပြထားသည်။

ရှန်ဟိုင်းအခြေစိုက် Green Finance and Development Center (GFDC) မှ ဇူလိုင် ၂၄ ရက်က ထုတ်ပြန်သည့် သုတေသနအရ ၂၀၂၁ ခုနှစ်တွင် ရုရှားနှင့် အီဂျစ်ကဲ့သို့သော နိုင်ငံများတွင် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း အကောင်အထည်ဖော်မှု၌ ၁၀၀ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ပါကစ္စတန်ရှိ တရုတ်-ပါကစ္စတန် စီးပွားရေစင်္ကြံ အတွက်လည်း ၅၆ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ 

ထို့ပြင် ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်တွင် ကျောက်မီးသွေးစီမံကိန်းများအတွက် ငွေကြေး သို့မဟုတ် ရင်းနှီး မြှုပ်နှံမှုများ မလုပ်ဆောင်ခဲ့ပေ။

ဆောက်လုပ်ရေးစီမံကိန်းများအတွက် အသုံးပြုသည့်ပျှမ်းမျှငွေပမာဏမှာ နည်းပါးလာကာ ၂၀၂၁ ခုနှစ် ပထမနှစ်ဝက်တွင် အမေရိကန်ဒေါ်လာ ၅၅၈ သန်းရှိရာမှ ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်တွင် ၃၂၅ သန်းသို့ ကျဆင်း သွားသည်။ တရုတ်၏ရင်းနှီးမြှုပ်နှံမှုကို အဓိကလက်ခံသည့် နိုင်ငံမှာ  ဆော်ဒီအာရေဗျဖြစ်ပြီး ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်တွင် ရုရှား၊ သီရိလင်္ကာနှင့်အီဂျစ်အပါအဝင် နိုင်ငံအများအပြားတွင် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများ မရှိခဲ့ပေ။

၂၀၂၂ ခုနှစ် ဒုတိယနှစ်ဝက်အတွက် တရုတ်၏ ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းဆိုင်ရာရင်းနှီးမြှုပ်နှံမှုမှာ ငြိမ်သက် နေပြီး မရေရာမှုများစွာ ရှိနေပုံရသည်။

ခါးပတ်လမ်းစီမံကိန်းအကောင်အထည်ဖော်မှုသည် ၂၀၂၂ ခုနှစ်တွင် ပထမ ၃ လပတ်နှင့်နှိုင်းယှဉ်ပါက ဒုတိယ ၃ လပတ်တွင် သိသိသာသာ ကျဆင်းခဲ့သည်။

တရုတ်၏ ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းအကောင်အထည်ဖော်မှုသည် ဒေသအားလုံးတွင် မျှမျှတတ လုပ်ဆောင်ခြင်းမရှိပေ။ အရှေ့အာရှနိုင်ငံများသည် ၂၀၂၀ ခုနှစ် ပထမနှစ်ဝက်တွင် ရင်းနှီးမြှုပ်နှံမှုရှယ်ယာ ၄၈ ဒသမ ၈ ရာခိုင်နှုန်းရှိရာမှာ ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်တွင် ၁၀ ဒသမ ၇ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required