တရုတ်အင်တာနက်သုံးစွဲသူများက ပြည်တွင်းဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး အာနိသင်အပေါ် သံသယရှိနေ

တရုတ်အင်တာနက်သုံးစွဲသူများက ပြည်တွင်းဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး အာနိသင်အပေါ် သံသယရှိနေ

တရုတ်အင်တာနက်သုံးစွဲသူများသည် အချိန်နှောင်းမှ ပြည်တွင်းဖြစ်ကာကွယ်ဆေးများထိုးကြသည့် ဗဟိုနှင့်ပြည်နယ်အစိုးရခေါင်းဆောင်များအား မေးခွန်းထုတ်လိုက်ကြပြီး ကာကွယ်ဆေးများ၏ ထိရောက်မှုအပေါ်လည်း သံသယရှိနေကြသည်ဟု Asian Lite International သတင်းကဖော်ပြသည်။

တရုတ်ခေါင်းဆောင်များအားလုံးသည် ပြည်တွင်းမှ ထုတ်လုပ်သော ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးပြီး ပြီဖြစ်ကြောင်း တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်က ၎င်း၏ Weibo အကောင့်တွင် တင်ပြီးနောက် တရုတ်မှအင်တာနက်သုံးစွဲသူများက မှတ်ချက်များပြုလာခြင်းဖြစ်သည်။

အင်တာနက်သုံးစွဲသူများ၏ဝေဖန်မှုကြောင့် ကျန်းမာရေးကော်မရှင်၏ Weibo ပို့စ်ရှိမှတ်ချက်ကဏ္ဍကို ပိတ်ပစ်ခဲ့ရသည်။ အမျိုးသားကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်သည် မကြာသေးခင်ကဖြစ်ပွားခဲ့သော ကိုဗစ်-၁၉ လှိုင်းကျရောက်မှုအပြီး ပြည်တွင်းထုတ် ကာကွယ်ဆေးများ၏ ထိရောက်မှုနှင့် ဘေးကင်းလုံခြုံမှုအပေါ် ပြည်သူများ၏စိုးရိမ်မှုကို ဖြေသိမ့်ရန် ရည်ရွယ်ခြင်းဖြစ်သည်။

ယခုအခါ ပေကျင်းအစိုးရသည် ပြင်းထန်သော ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို တပ်လှန့်သတိပေးထားကြောင်း Asian Lite International က ဖော်ပြသည်။

ကာကွယ်ဆေးမထိရောက်မှုကြောင့် တရုတ်နိုင်ငံ ဒုက္ခအကြီး အကျယ်တွေ့နေစဉ်မှာ အိန္ဒိယသည် အောင်မြင်သောကိုဗစ်-၁၉ ကာကွယ်ဆေးကြောင့် ပုံမှန်အခြေအနေ ရောက်ရှိနေပြီဖြစ်သည်။

တရုတ်နှင့်အိန္ဒိယသည် ကိုဗစ်-၁၉ ကာကွယ်ဆေးကို အပြိုင်အဆိုင် ထုတ်လုပ်ခဲ့ကြသည်။ တရုတ်သည် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ပထမဆုံးထုတ်လုပ်နိုင်ခဲ့သော်လည်း အိန္ဒိယသည် ၎င်းနိုင်ငံသားများကို အသွားအလာ ပိတ်ဆို့မှုနှင့်တခြားကန့်သတ်ချက်များမှ  ဖြေလျှော့ပေးနိုင်ပြီဖြစ်သဖြင့် ကာကွယ်ဆေးအောင်မြင်ကြောင်း သက်သေပြခဲ့သည်။

တရုတ်ကာကွယ်ဆေးများ၏ ထိရောက်မှုမှာ ၆၀ ရာခိုင်နှုန်းသာရှိကြောင်း ဟောင်ကောင်တက္ကသိုလ်၏ လေ့လာမှုတစ်ရပ်၌ ဖော်ပြထားသည်။ Sinovac ကာကွယ်ဆေးထုတ်သူများသည် ဂျာမန်ထုတ် Pfizer-BioNTech ကာကွယ်ဆေးထိုးသူများနှင့်နှိုင်းယှဉ်ပါက သေဆုံးနိုင်ခြေ ၃ ဆ ပိုများကြောင်းလည်း ထပ်မံတွေ့ရှိခဲ့သည်။

တရုတ်ကာကွယ်ဆေးများသည် အိုမီခရွန်မျိုးကွဲများကိုလည်း ကာကွယ်နိုင်စွမ်းမရှိကြောင်း The Lancet Infectious Diseases ဂျာနယ်၌ ဖော်ပြသော လေ့လာမှုတစ်ရပ်၌ ဖော်ပြထားသည်။

တရုတ်အာဏာပိုင်များသည် ရောဂါကူးစက်မှုကို လျှော့ချနိုင်ရန် အငြင်းပွားဖွယ် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒ အပါအဝင် ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် ကြိုးစားခဲ့သော်လည်း အချည်းအနှီးသာဖြစ်ခဲ့ပြီး ရောဂါဖြစ်ပွားမှု နှုန်းများ မြင့်တက်လာကာ တရုတ်နိုင်ငံအတွင်း ပုံမှန်နေထိုင်မှုဘဝအပေါ် အနှောက်အယှက်ဖြစ်စေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly