နီပေါတွင် ဖုန်းခေါ်ဆို စုံစမ်းသည့် လုပ်ငန်းအတုမှ တရုတ်နိုင်ငံသားအပါအဝင် ၃၅ ဦးကို ဖမ်းဆီး

နီပေါတွင် ဖုန်းခေါ်ဆို စုံစမ်းသည့် လုပ်ငန်းအတုမှ တရုတ်နိုင်ငံသားအပါအဝင် ၃၅ ဦးကို ဖမ်းဆီး

နီပေါနိုင်ငံ ခတ္တမန္ဒူမြို့ တင်ကူနီရပ်ကွက်ရှိ ဖုန်းခေါ်ဆို စုံစမ်းသည့် (Call Centre) လုပ်ငန်းအတု တစ်ခုမှ တရုတ်နိုင်ငံသား တစ်ဦးအပါအဝင် လူ ၃၅ ဦးကို တရားမဝင်လှုပ်ရှားမှုနှင့် ရောင်းဝယ်ဖောက်ကားမှုဖြင့် ဇူလိုင် ၂၅ ရက်က ဖမ်းဆီးလိုက်သည်။

နီပေါရဲတပ်ဖွဲ့သည် Sky World Call Centre အား စီးနင်းပြီး ၎င်းတို့အား ဖမ်းဆီးခဲ့ကာ လက်ပ်တော့၊ ကွန်ပျူတာနှင့် တခြားစာရွက်စာတမ်းများကို သိမ်းယူခဲ့ကြောင်း ဒေသတွင်းမီဒီယာတစ်ခုကဖော်ပြသည်။ 

“တရားမဝင်လှုပ်ရှားမှု ရောင်းဝယ်ဖောက်ကားမှု သံသယနဲ့ ဖမ်းဆီးခဲ့တာပါ။ Call Centre မှာ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေ ရှိတယ်လို့ ရဲက ခန့်မှန်းထားပါတယ်။ အဲဒီ Call Centre မှာ လူငယ်ပေါင်း ၂၀၀၀ လောက်အလုပ်လုပ်နေကြပါတယ်။ လုပ်ငန်းလည်ပတ်နေတာ ၂ နှစ်လောက်ရှိပါပြီ” ဟု ခတ္တမန္ဒူရဲစခန်းမှ ပြောရေးဆိုခွင့်ရှိသူ ဒင်နက်ရှ်ရာ့ချမိုင်နာလီက ပြောသည်။

စုံစမ်းစစ်ဆေးမှုအရ Vaidya အမည်အဖွဲ့သည် ငှားရမ်းထားသောမြေပေါ်၌ Call Centre တစ်ခုတည်ဆောက်ကာ လုပ်ငန်းဆောင်ရွက်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ အဆိုပါ စင်တာသည် တရုတ်အက်ပလီကေးရှင်းများကို အသုံးပြု၍ အိန္ဒိယနိုင်ငံသားများအား အတိုးနှုန်းများများဖြင့် ချေးငွေများပေးသည်။

အဆိုပါ Call Centre ဖွင့်ထားသော အိမ်သည် ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌဟောင်း ဆူရာ့ဂျ်ဗာအီဒါ ပိုင်ဆိုင်ကြောင်း ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိခဲ့သည်။

နီပေါရှိ Call Centre များမှ တရုတ်လူမျိုးများစွာ ဖမ်းဆီးခံရပြီးနောက် တရုတ်ရင်းနှီးမြှုပ်နှံသူများသည် ယခုအခါ ၎င်းတို့ကုမ္ပဏီများလည်ပတ်နိုင်ရန် အိန္ဒိယနိုင်ငံသားများကို ပစ်မှတ်ထားလာသည်။

ငွေချေးငှားရာတွင် အသုံးပြုသော တရုတ်အက်ပလီးကေးရှင်းများ၏ ဆာဗာများသည် မကာအို၊ ဟောင်ကောင်နှင့် တရုတ်နိုင်ငံတို့တွင် ရှိသည်။

မကြာသေးမီက နီပေါတွင် Call Centre လုပ်ငန်းပုံစံဖြင့် တရားမဝင် ငွေလွှဲမှုများ အများအပြား ရှိခဲ့ပြီး နီပေါတွင် တရားမဝင် ဂိုဏ်းများ လှုပ်ရှားနေမှုကို ရဲတပ်ဖွဲ့က စုံစမ်းတွေ့ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly