အချက်အလက်များအရ ပရီးမီးယားလိဂ်တွင် အကောင်းဆုံးပုံစံ ရနေသည့် စပါးအသင်း

အချက်အလက်များအရ ပရီးမီးယားလိဂ်တွင် အကောင်းဆုံးပုံစံ ရနေသည့် စပါးအသင်း

လန်ဒန်၊ ဖေဖော်ဝါရီ ၁၆ ။            ။ ပြီးခဲ့သည့် အပတ်က မန်စီးတီးအသင်းကို အနိုင်ယူခဲ့သည့် စပါးအသင်းသည် အချက်အလက်များအရ ပရီးမီးယားလိဂ်တွင် အကောင်ဆုံးပုံစံရနေသည့် အသင်းအဖြစ် မှတ်တမ်းဝင်လျက်ရှိသည်။

စပါးအသင်းသည် လက်စတာအသင်းကို ဝ-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်တွင် ငါးပွဲဆက်တိုက် အနိုင်ရရှိထားကာ ရမှတ် ၅၁ မှတ်ဖြင့် အမှတ်ပေးဇယား ဒုတိယနေရာတွင် ရပ်တည်လျက် ရှိသည်။

နည်းပြ ပိုချက်တီနို၏ လက်အောက်တွင် စပါးအသင်းမှာ ခြေစွမ်းကောင်းကို ပြသလျက်ရှိပြီး ပရီးမီးယားလိဂ်တွင် ပေးဂိုးအနည်းဆုံးအသင်းအဖြစ် ရပ်တည်နေသည်။ စပါးအသင်းမှာ ၂၆ ပွဲကစားပြီးချိန်တွင် ဂိုး ၂၀ သာ ပေးထားရသည်။ ၎င်းတို့၏နောက်တွင် အာဆင်နယ်က ၂၃ ဂိုး၊ မန်ယူက ၂၄ ဂိုးဖြင့် ပေးဂိုးအနည်းဆုံးဖြစ်သည်။

စပါးအသင်း၏ ပွဲထွက်ကစားသမား ၁၁ ဦး၏ ပျှမ်းမျှအသက်မှာ ၂၄ နှစ်နှင့် ၃၀၃ ရက်သာ ရှိပြီး ပရီးမီးယားလိဂ်တွင် အငယ်ဆုံးဖြစ်သည်။ စပါး၏နောက်တွင် လီဗာပူးလ်က ၂၅ နှစ် ၂၆၇ ရက်ဖြင့် ဒုတိယအသက်အငယ်ဆုံးအသင်းဖြစ်သည်။

ထို့အပြင် စပါးအသင်းမှာ အကြိမ် ၁၇၀ ဖြင့် ပြိုင်ဘက်၏ဂိုးပေါက်ကို အခြိမ်းခြောက်နိုင်ဆုံးအသင်းဖြစ်ပြီး ၇၉ ကြိမ်ဖြင့် ဂိုးပေါက်ခြိမ်းခြောက်ခံရမှု အနည်းဆုံးအသင်းလည်း ဖြစ်လျက်ရှိသည်။

အမှတ်ပေးဇယားကို ဦးဆောင်နေသည့် လက်စတာ၊ စပါး၊ အာဆင်နယ်နှင့် မန်စီးတီးတို့ လေးသင်းတွင် စပါးတစ်သင်းသည်သာ အပြောင်းအရွှေ့ဈေးကွင်တွင် အမြတ်ရရှိထားသော အသင်းဖြစ်သည်။

ဂိုးသွင်းအများဆုံးအသင်းစာရင်းတွင်တော့ လက်စတာနှင့် မန်စီးတီးတို့က ၄၈ ဂိုးစီဖြင့် အများဆုံးဖြစ်ပြီး စပါးက ၄၇ ဂိုးဖြင့် တတိယနေရာတွင် ရှိနေသည်။

နည်းပြ ပိုချက်တီနို၏လက်အောက်တွင် စပါးအသင်းမှာ ၄၉ ပွဲနိုင်၊ ၂၃ ပွဲသရေ၊ ၂၁ ပွဲရှုံး ရလဒ် ရရှိထားသည်။

ဟယ်ရီကိန်း၊ အဲရစ်ဆင်၊ ဒမ်ဘီလီ၊ အယ်လီ၊ ဒီယာ၊ ဆွန်ယောင်မင်း၊ လာမီလာ၊ ဒန်နီရို့စ်၊ အယ်ဒါဝီရက်၊ ဝေါ်လ်ကာ၊ ဝင်မာနှင့် ဟူဂိုလောရစ်တို့၏ စုဖွဲ့မှု၊ နည်းပြ ပိုချက်တီနို၏ဦးဆောင်မှုဖြင့် စပါးအသင်းမှာ ပရီးမီးယားလိဂ်တွင် ဗိုလ်စွဲရန် ဒုတိယရေပန်းအစားဆုံး ဖြစ်လာပြီဖြစ်သည်။

လက်ရှိ ဘွတ်ကီဒိုင်များ၏ အလေးပေးမှုတွင် အာဆင်နယ်က ၁၃/ဂ၊ စပါးက ၉/၄၊ လက်စတာက ၁၁/၄၊ မန်စီးတီးက ၅/၁ ဖြင့် အစဉ်လိုက်ရပ်တည်နေသည်။

Ref: Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly