မုံရွာမြို့ မြန်မာ့စီးပွားရေးဘဏ်ရှေ့ရှိ  စစ်ကောင်စီတပ်သားများ ဗုံးပစ်တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး 

မုံရွာမြို့ မြန်မာ့စီးပွားရေးဘဏ်ရှေ့ရှိ  စစ်ကောင်စီတပ်သားများ ဗုံးပစ်တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး 

ဇူလိုင်လ ၂၉ ရက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် စခန်းချ နေထိုင်သည့် စစ်ကောင်စီ၏ အစောင့်တပ်သားများ ယနေ့ ဇူလိုင် ၂၉ ရက်နေ့ မွန်းလွဲပိုင်းက ဗုံးဖြင့်ပစ်တိုက်ခိုက်ခံရပြီး နှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် Aung San Generation Monywa အဖွဲ့ကလုပ်ဆောင်ခြင်းဖြစ်ပြီး ဦးဂျင်မီ အပါအဝင် နိုင်ငံရေးအကျဉ်းသား လေးဦးကို စစ်ကောင်စီက သေဒဏ်စီရင်ခဲ့သည့်အတွက် သွေးကြွေး ဆပ်ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။ 

သတင်းထုတ်ပြန်ချက်တွင် မုံရွာစီးပွားရေးဘဏ်အား Aung San Generation Monywa မှ ယနေ့ ဇူလိုင်လ ၂၉ ရက်နေ့ ညနေ ၃ နာရီ ၁၀ မိနစ်က လက်ပစ်ဗုံး နှစ်လုံး ကျွေးမွေးဧည့်ခံခဲ့သည်ဟု ပါရှိသည်။  

“ နေ့ခင်း ၃ နာရီလောက်က ဘဏ်ရှေ့က စစ်သားတွေကိုဗုံးနဲ့ထုသွားတာ။ စစ်သား နှစ်ယောက်အဲ့ဒီမှာတင်သေတယ်။ နောက်တစ်ယောက်လည်း ဒဏ်ရာတွေနဲ့အပြင်သယ် ထုတ်သွားတာတွေ့လိုက်ရတယ်” ဟု မုံရွာဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သားနှစ်ကောင်ပွဲချင်းပြီး သေဆုံးသည်ဟု အတည်ပြုနိုင်ခဲ့ပြီး  တစ်ယောက်မှာ ဒဏ်ရာပြင်းထန်ကြောင်းသိရှိရသည်။ Non CDM ဝန်ထမ်းသေဆုံးမှုကို မသိရှိရသေးပေဟု အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Aung San Generation Monywa သည် ယမန်နေ့ ဇူလိုင် ၂၈ ရက်နေ့ကလည်း မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) စစ်ဆေးရေးဂိတ်အား ဗုံးပစ်တိုက်ခိုက်ခဲ့ပြီး  စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးခဲ့ကြောင်းသိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly