အစ္စရေးဝန်ကြီးချုပ်ဟောင်း ဧဟွတ် အိုမာ့ လာဘ်စားမှုဖြင့် ၁၉ လ ထောင်ကျ

အစ္စရေးဝန်ကြီးချုပ်ဟောင်း ဧဟွတ် အိုမာ့ လာဘ်စားမှုဖြင့် ၁၉ လ ထောင်ကျ

ဂျေရုစလင်၊ ဖေဖော်ဝါရီ - ၁၆ ။           ။ အစ္စရေးဝန်ကြီးချုပ်ဟောင်း ဧဟွတ် အိုမာ့မှာ နှုတ်ဆက်ဗွီဒီယိုတစ်ခုတွင် သူအပြစ်ကင်းကြောင်း အာခံကြေညာနေခဲ့သော်လည်း လာဘ်စားမှုနှင့် တရားရေးကို ပိတ်ဆို့မှုအတွက် ဖေဖော်ဝါရီ ၁၅ရက်နေ့တွင် ၁၉ လထောင်ဒဏ်ကို စတင်ကျခံနေရပြီဖြစ်သောကြောင့် ထောင်ချခံရသည့် ပထမဆုံး အစ္စရေးဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

အိုမာ့ကို ထောင်ချမှုမှာ ပါလက်စတိုင်းများနှင့် နောက်ဆုံးအကျော့ ငြိမ်းချမ်းရေးရရန် ကြိုးစားမှုများကို အဆုံးသတ်သွားစေပြီး ဒေသတွင်းနှင့် ကမ္ဘာတစ်ခွင်တွင် ကျယ်ကျယ်ပြန့်ပြန့် အဝေဖန်ခံနေရသော သဘောထားတင်းမာသူ ဘင်ဂျမင်နေတန်ယာဟု၏ခေတ် အစပြုလာခဲ့သည့် အရှက်တကွဲအကျိုးနည်းမှုကြီး၏ အထွတ်အထိပ်ပင် ဖြစ်သည်။

အိုမာ့မှာ ၃မိနစ်ခွဲကြာမြင့်သည့် ဗွီဒီယိုကို ထုတ်လွှတ်ပြီးနောက် နာရီပိုင်းအကြာ တနင်္လာနေ့အစောပိုင်းတွင် အစ္စရေးအလယ်ပိုင်းမှ မာဆီယာဟူအကျဉ်းထောင်ထဲသို့ ဝင်ရောက်သွားခဲ့သည်။

ထိုဗွီဒီယိုထဲတွင် အိုမာ့က သူ၏ ပါလက်စတိုင်းများနှင့် ငြိမ်းချမ်းရေးရရန် ကြိုးစားမှုများကို ရည်ညွှန်းပြီး သူ၏ နိုင်ငံရေးသမားဘဝမှာ ဂုဏ်ယူကျေနပ်ဖွယ်ရာဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း အမှားများလည်း ပြလုပ်မိခဲ့ကြောင်း အသိအမှတ်ပြု ဝန်ခံသွားခဲ့သည်။

‘ဒီအပြောင်းအလဲက ကျနော့်အတွက်၊ ကျနော့်မိသားစု၊ ကျနော်ချစ်ရတဲ့သူတွေနဲ့ ကျနော့်ကို ထောက်ခံသူတွေအတွက် ဘယ်လောက်များ ထူးဆန်းပြီး နာကျင်ဖွယ်ကောင်းလိမ့်မလဲဆိုတာကို ခင်ဗျားစိတ်ကူးကြည့်နိုင်ပါတယ်။ ရုံးတော်ထဲမှာရော၊ ရုံးတော်ပြင်ပမှာပါ ကျနော်ပြောခဲ့သလိုပါပဲ။ ကျနော့ကို စွဲဆိုထားတဲ့ အဂတိလိုက်စားမှု စွပ်စွဲချက်အားလုံးကို ကနော် လုံးဝငြင်းဆန်ပါတယ်’ဟု အိုမာ့က ပြောကြားခဲ့သည်။        

အိုမာ့ကို အထူးဌာန Wing 10တွင် ထိန်းသိမ်းထားပြီး ထိုဌာနမှာ လုံခြုံရေးကြောင့် သာမန်အကျဉ်းသားများနှင့် ရောနှောမထားနိုင်သည့် ပုဂ္ဂိုလ်များကို သီးသန့်ချုပ်နှောင်ထားရာ ဗွီအိုင်ပီဌာနတစ်ခု ပင်ဖြစ်သည်။ အကျဉ်းသား ၁၈ယောက်စာအတွက်သာ ဆောက်လုပ်ထားသည့် ထိုအဆောင်တွင် အိုမာ့မှာ ပဉ္စမမြောက် အကျဉ်းသားဖြစ်သည်။

အိုမာ့မှာ ဆယ်စုနှစ်အလွန်က ဒုတိယဝန်ကြီးချုပ်တစ်ယောက်အနေဖြင့် ပါလက်စတိုင်းများအပေါ် ပိုမိုရင်ကြားစေ့လိုသည့် သဘောထားရပ်တည်ချက်ရှိစဉ်က အစ္စရေး၏ စစ်လိုလားသည့် လကျ်ာအုပ်စု တွင်ဝါရင့် အထင်ကရပုဂ္ဂိုလ်တစ်ဦးပင်ဖြစ်သည်။ ၂၀၀၅ခုနှစ်တွင် ဂါဇာကမ်းမြှောင်မှ အစ္စရေးတပ်များ ရုပ်သိမ်းရာတွင်လည်း ခေါင်းဆောင်အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

၂၀၀၆ခုနှစ် ဇန်နဝါရီလတွင် ထိုစဉ်က ဝန်ကြီးချုပ်ဖြစ်သည့် အေရီယယ် ရှာရွန်မှာ လေဖြတ်ရောဂါ ရသွားသည့်အခါတွင် အိုမာ့ ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ တစ်ဆက်တည်းဆိုသလိုပင် ပါလက်စတိုင်းများနှင့် ငြိမ်းချမ်းရေးကို တွန်းအားပေးသည့် လမ်းကြောင်းပေါ်တွင် အသစ်ဖွဲ့စည်းလိုက်သည့် ကာဒီမာပါတီကို ပါလီမန်ရွေးကောက်ပွဲများတွင် အနိုင်ရအောင် အိုမာ့က ခေါင်းဆောင်မှု ပေးနိုင်ခဲ့သည်။

စကားပြောကောင်းသည့် အိုမာ့က သူ၏ ဝန်ကြီးချုပ်သက်တမ်းတွင် အယူသည်းမှုများကို ချိုးဖျက်ပစ်ခဲ့သည်။ အကယ်၍ အစ္စရေးအနေဖြင့် ပါလက်စတိုင်းများကို ဆက်လက်ကျူးကျော်နေမည်ဆိုပါက အသားအရောင်ခွဲခြားသည့် တောင်အာဖရိကကဲ့သို့ ဖြစ်လာဖွယ်ရှိသည်ဟု သတိပေးလိုက်ပြီး ငြိမ်းချမ်းရေး သဘောတူညီချက်အရ အထွတ်အမြတ်မြို့တော် ဂျေရုစလင်၏ တစ်စိတ်တစ်ပိုင်းကို စွန့်လွှွှတ်ပေးရန် အဆင်သင့်ရှိကြောင်းလည်း ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly