အိန္ဒိယသည် အကောင်းဆုံး မိတ်ဆွေနိုင်ငံဟု အာဖဂန်ပြည်သူ ၆၉ ရာခိုင်နှုန်းက ယုံကြည်

အိန္ဒိယသည် အကောင်းဆုံး မိတ်ဆွေနိုင်ငံဟု အာဖဂန်ပြည်သူ ၆၉ ရာခိုင်နှုန်းက ယုံကြည်

အိန္ဒိယသည် အကောင်းဆုံး မိတ်ဆွေနိုင်ငံ ဖြစ်သည်ဟု အာဖဂန်ပြည်သူ ၆၉ ရာခိုင်နှုန်းက ယုံကြည်ကြကြောင်း မကြာသေးခင်က ကောက်ယူခဲ့သည့် စစ်တမ်းတစ်ရပ်က ဖော်ပြသည်။

အာဖဂန်ပြည်သူတို့၏ အတွင်းသဘောကို သိနိုင်ရန် ကောက်ယူခဲ့သည့် ယခုစစ်တမ်းတွင် သာမန် အာဖဂန်ပြည်သူတို့၏ ယခင်အတိတ်ကာလ၊ လက်ရှိ စိတ်မှန်း အနာဂတ် ဖြစ်နိုင်ခြေနှင့် ၎င်းတို့၏ အနာဂတ် မျှော်မှန်းချက်များနှင့် ပတ်သက်ပြီး ထားသည့် သဘောထားအမြင်များကို စုဆောင်းခဲ့ကြောင်း ဘရက်ဆဲလ် အခြေစိုက် သတင်းဝက်ဘ်ဆိုဒ် EU Reporter က ဖော်ပြသည်။

အာဖဂန်နစ္စတန်မှ အမေရိကန်တို့ အချိန်လွဲမှားပြီး စီမံခန့်ခွဲမှု အမှားမှားအယွင်းယွင်းဖြင့် ပြန်လည်ထွက်ခွာသွားမှုကြောင့် အာဖဂန်ကို တာလီဘန်တို့ ပြန်လည်ထိန်းချုပ်စေရန် ပါကစ္စတန်နှင့် တရုတ်တို့ ဘက်က တိုက်တွန်းနိုင်သည့် အခွင့်အရေး ရသွားခဲ့သည်ဟု အာဖဂန်ပြည်သူ ၆၇ ရာခိုင်နှုန်းကျော်က ယုံကြည်ကြသည်ဟု ဒေတာအချက်အလက်များက ပြသနေကြောင်း စစ်တမ်းက ဖော်ပြသည်။

အိန္ဒိယသည် အာဖဂန်နစ္စတန်တွင် အားကောင်းသည့် ရင်းနှီးထည့်ဝင်မှုများနှင့် မဟာဗျူဟာကျ အကျိုးတရားများ ရှိသည်။ အဆိုပါ နှစ်နိုင်ငံသည် အလွန် ရှေးကျသည့် သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံမှုများ ရှိသည်။ ပါကစ္စတန်၏ ကြိုးပမ်းအားထုတ်မှုများ ရှိခဲ့လင့်ကစား အိန္ဒိယနှင့် အာဖဂန်နစ္စတန်အကြား ပြည်သူ အချင်းချင်းလယ်ဗယ် ဆက်ဆံရေးသည် ဆက်လက်အားကောင်းနေခဲ့ပြီး ၁၉၉၀ ပြည့်နှစ် တာလီဘန် အုပ်ချုပ်မှု ကာလတွင်လည်း ဆက်လက်ရှင်သန်နိုင်ခဲ့ကာ ယမန်နှစ် ဩဂုတ်လနောက်ပိုင်းတွင်လည်း ဆက်လက်ခိုင်မာ နေခဲ့သည်။

သံတမန်ရေး လယ်ဗယ်တွင် ဆက်လက် လစ်ဟာနေခြင်းက အိန္ဒိယ၏ အကျိုးတရားများအတွက် အန္တရာယ် တစ်ခု ဖြစ်စေသလို သာမန် အာဖဂန်ပြည်သူများအကြား အိန္ဒိယအတွက် နှစ်များကြာ ချစ်ကြည်မှုကို တန်ဖိုးလျော့ စေနိုင်သည်။ ဒေသတွင်း နိုင်ငံများအနက် အိန္ဒိယသည် အာဖဂန်ကို အများဆုံး လှူဒါန်းသည့် အလှူရှင်ဖြစ်ပြီး ဒေါ်လာ ၃ ဘီလီယံခန့်အထိ လှူဒါန်းပေးထားသည်။ ထို့ပြင် အိန္ဒိယသည် အာဖဂန်အတွက် ကမ္ဘာ့ ပဉ္စမမြောက် အများဆုံး လှူဒါန်းပေးထားသည့် အလှူရှင်နိုင်ငံလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly