ကြွေးမြီထောင်ချောက်မူဝါဒနှင့်လူ့အခွင့်အရေး ပြဿနာများကြောင့် တရုတ်နိုင်ငံပုံရိပ် ကျဆင်း

ကြွေးမြီထောင်ချောက်မူဝါဒနှင့်လူ့အခွင့်အရေး ပြဿနာများကြောင့် တရုတ်နိုင်ငံပုံရိပ် ကျဆင်း

နိုင်ငံအတွင်း လူ့အခွင့်အရေးအခြေအနေများနှင့်အတူ ကြွေးမြီထောင်ချောက်ထဲရောက်စေသောမူဝါဒများကြောင့် အာရှ၌ ဦးစားပေးရင်းနှီးမြှုပ်နှံသူဖြစ်ခဲ့သော တရုတ်၏ပုံရိပ်မှာ ကျဆင်းလာသည်။

နီပေါ၊ ဘင်္ဂလားဒေ့ရှ်နှင့် သီရိလင်္ကာကဲ့သို့သောနိုင်ငံများသည် တရုတ်ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍ မေးခွန်း ထုတ်ခံရသည့်နိုင်ငံများတွင် အပါအဝင်ဖြစ်သည်။ နီပေါတွင် တချို့တရုတ်ကုမ္ပဏီများသည် အလွန်အမင်း ပေါ့ဆမှုနှင့်နှောင့်နှေးကြန့်ကြာမှုများကြောင့် တချို့အခြေခံအဆောက်အအုံဆိုင်ရာစီမံကိန်းများတွင် အမည်ပျက်စာရင်းသွင်းခံထားရသည်။

“ကြွေးမြီဝန်ထုပ်ဝန်ပိုးနဲ့အတူ ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) မှာပါဝင်တဲ့နိုင်ငံတွေဟာ ကုန်သွယ်လိုငွေ အစဉ်မြင့်တက်မှုကို ရင်ဆိုင်နေရတယ်ဆိုတာ တွေ့ရတယ်။ ကြွေးမြီထောင်ချောက်ရယ် ခါးပတ်လမ်းရပ်ဝန်း စီမံကိန်းနဲ့ဆက်စပ်တဲ့ ကုန်သွယ်ထောက်ချောက်ရယ်ပေါင်းပြီး ပါကစ္စတန်နဲ့ တခြား BRI မှာပါဝင်တဲ့ နိုင်ငံတွေရဲ့ ငွေကြေးတည်ငြိမ်မှုကို လှုပ်ခတ်စေခဲ့ပါတယ်” ဟု ကနေဒါအခြေစိုက် ပညာရှင်များအဖွဲ့ဖြစ်သည့် အခွင့်အရေးနှင့် လုံခြုံရေးဆိုင်ရာ နိုင်ငံတကာဖိုရမ် (IFFRAS) အဖွဲ့က အစီရင်ခံစာ၌ ဖော်ပြထားသည်။

ကြွေးမြီထောင်ချောက်နှင့်မတူသည့် ကုန်သွယ်မှုလိုငွေပြမှုထောင်ချောက်သည် ရင်းနှီးမြှုပ်နှံမှုအတွက် တရုတ်နိုင်ငံကို မှီခိုနေရသော နိုင်ငံများ ကြုံတွေ့နေရသည့် အခြေအနေတစ်ခုဖြစ်သည်။

အထူးသဖြင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုတန်ဖိုးခြားနားချက်တွင် လိုငွေများစွာပြမှု ကြုံတွေ့နေရသော နိုင်ငံများအကြားတွင် ပါကစ္စတန်လည်း ပါဝင်သည်ဟု IFFRAS ကဆိုသည်။ 

နီပေါနိုင်ငံမှ ခတ္တမန္ဒူ-ကာရန်ပြည်တွင်းမီးရထားလိုင်း၊ ဂယ်ချီ-ရာဆူဝါဂါဒီ-ကာရန် ဓာတ်အားပေးလိုင်းနှင့် ဆာဖရူဘန်စီ-ရာဆူဝါဂါဒီလမ်းပိုင်းများရှိ တချို့ စီမံကိန်းများမှာ ပျက်စီးသွားခဲ့ကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။

တရုတ်ကုမ္ပဏီများသည် နီပေါ၏ ရေအားလျှပ်စစ်နှင့် အခြေခံအဆောက်အအုံများတွင်သာမက လေကြောင်း ကဏ္ဍတွင်လည်း လုပ်ငန်းများကို နှောင့်နှေးစေခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် ပြီးစီးရန် မျှော်လင့်ထားသည့် ပို့ဟာရာ လေဆိပ်မှာလည်း လုပ်ငန်းယိုင်လဲနေသည့် အခြေအနေဖြစ်နေသည်။

တရုတ်ကုမ္ပဏီများသည် စစ်တကောင်းတွင် ၎င်းတို့ရန်ပုံငွေဖြင့် ဓာတ်ရထားလိုင်းတည်ဆောက်လိုပြီး စီမံကိန်းပြီးပါက တရုတ်နည်းပညာရှင်များသည် ရထားလိုင်းပြုပြင်ထိန်းသိမ်းရန် အကြောင်းပြချက်ဖြင့် စစ်တကောင်း တွင် ဆက်လက်နေမည်မှာ သိသာပေါ်လွင်လှသည်။ ဤသည်မှာ ဘင်္ဂလားဒေ့ရှ် အထူးသဖြင့် မဟာဗျူဟာအရ အရေးပါသော စစ်တကောင်းတွင် ခြေကုပ်ယူလိုသည့် တရုတ်၏ ကြိုးပမ်းအား ထုတ်မှုတစ်ခုပင်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly