အနီကတ်ပြသည့်ဒိုင်ကို ကစားသမားက သေနတ်ဖြင့်ပစ်သတ်

အနီကတ်ပြသည့်ဒိုင်ကို ကစားသမားက သေနတ်ဖြင့်ပစ်သတ်

လူငယ်ကစားသမားတစ်ဦးသည် ၎င်းအားအနီကတ်ပြသည့်ဒိုင်ကို သေနတ်ဖြင့်ပစ်သတ်ခဲ့သောကြောင့် အာဂျင်တီးနားတွင်ကစားသော ဘောလုံးပွဲတစ်ပွဲမှာ ထိတ်လန့်စရာအဖြစ်နှင့် အဆုံးသတ်သွားခဲ့သည်။

ရဲများကလိုက်လံဖမ်းဆီးနေဆဲဖြစ်သည့်ယင်းတရားခံဘောလုံးသမားသည် အသက် ၂၅ နှစ်အရွယ်ပြိုင်ဘက်ကစားသမား၏ရင်ဘတ်ကိုလည်း ပစ်ခဲ့သေးသော်လည်း ပစ်ခံရသူမှာ အသက်ဘေးမှလွတ်မြောက်ခဲ့သည်။

ကစားသမားဖြစ်သူသည် အနီကတ်ပြထုတ်ခံရပြီးနောက် အိတ်အတွင်းယူဆောင်လာသည့် သေနတ်ကိုသွားယူပြီး ကွင်းထဲပြန်လည်ပြေးဝင် ကာ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံရဲက ပြောသည်။

ဒိုင်လူကြီးကို ဦးခေါင်း၊ ရင်ဘတ်နှင့် လည်ပင်းသို့ သုံးချက်ပစ်ခဲ့ခြင်းဖြစ်သည်။ ယင်းထိတ်လန့်စရာအဖြစ်အပျက်မှာ အာဂျင်တီးနားရှိ ကော်ဒိုဘာခရိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သေဆုံးသွားသည့် ဒိုင်လူကြီးမှာ အသက် ၄၈ နှစ်အရွယ်ရှိ ဆီဇာဖလောရက်စ်ဖြစ်သည်။ အပြင်းအထန်ဒဏ်ရာရပြီး ဆေးရုံသို့အရေးပေါ်တင်ပို့ ခဲ့ရကာ အသက်ဘေးမှလွတ်ခဲ့သည့် ကစားသမားမှာ ဝေါ်လ်တာဇရာတေးဖြစ်သည်။

သေနတ်ဖြင့်ပစ်ခတ်သည့် ကစားသမားမှာ ပြိုင်ဘက်ကို ဖျက်ထုတ်ပုံကြမ်းသောကြောင့် အနီကတ်ပြခံရခြင်းဖြစ်သည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly