ပြီးခဲ့သည့် သီတင်းတစ်ပတ်အတွင်း မြန်မာနိုင်ငံ၏ မြောက်ပိုင်းရှမ်းပြည်မှ စစ်ဘေးရှောင် နေရပ်စွန့်ထွက်ပြေးကြသည့် ပြည်သူပေါင်း ၃၀၀၀ ကျော်ထက်မနည်းရှိနေကြောင်း ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားရေး ပူးပေါင်းဆောင်ရွက်မှုရုံး OCHA မှ အစီရင်ခံကြောင်း ကုလသမဂ္ဂရုံး ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။
“ထွက်ပြေးခိုလှုံရာသူအများစုက ဘုန်းကြီးကျောင်းတွေမှာ လာရောက်နေထိုင်နေကြရပါတယ်။ ဒေသအဖွဲ့အစည်းတွေ၊ အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ မြန်မာကြက်ခြေနီအသင်းတို့က ကူညီပေးနေရတယ်။” ဟု ကုလသမဂ္ဂလက်ထောက်ပြောရေးဆိုခွင့်ရှိသူ Farhan Haq ကပြောကြားသည်။
“ကုလသမဂ္ဂအနေနဲ့ သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်နေပါတယ်။ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားရေးရုံးက ဝန်ထမ်းများက အခြေအနေတွေကို ကြည့်ရှုအကဲဖြတ် လျက်ရှိပြီး လိုအပ်ရင် အကူအညီ အထောက်အပံ့တွေ တိုးပေးဖို့ လုပ်နေပါတယ်။”ဟု ၎င်းက ပြောသည်။
“ကုလသမဂ္ဂရဲ့ အဓိက ဦးစားပေးကတော့ အရပ်သားပြည်သူတွေကို ကာကွယ်ပေးရေးပဲဖြစ်ပြီး ပဋိပက္ခများ ဒဏ်ကြုံတွေ့ခံစားရသူတွေကို လူသားချင်းစာနာထောက်ထားရေး အထောက်အပံ့တွေ ပေးသွားဖို့ပဲဖြစ်ပါတယ်။”ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။