ဇီးဖြူကုန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် ဒရုန်းဖြင့် ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခံရမှု ၆ ဦးသေဆုံး

ဇီးဖြူကုန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် ဒရုန်းဖြင့် ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခံရမှု ၆ ဦးသေဆုံး

ဇူလိုင်လ ၂၇ ရက်

စစ်ကိုင်းတိုင်း၊ ရွှေ့ဘိုမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့်ပျူစောထီးများကို ဒရုန်းဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Black Wolf PDF တပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ ဇူလိုင်လ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက ဇီးဖြူကုန်းကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

“ Operation 247 စစ်ဆင်ရေးအမည်နဲ့ ကျဆုံးခဲ့ရသူတွေကို ကိုယ်စားပြုပြီး တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒရုန်းနဲ့ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်မှုမှာ ဇီးဖြူကုန်းရွာအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီး ခြောက်ဦး သေဆုံးခဲ့ပါတယ်” ဟု Black Wolf PDF တာဝန်ရှိသူက ပြောသည်။

ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီး အင်အား ၁၀၀ ဝန်းကျင်ခန့် တပ်စွဲထားပြီး အနီးနားရှိကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်ကာ ပြည်သူပိုင်ပစ္စည်းများ ခိုးယူခြင်းနှင့် အပြစ်မဲ့ ပြည်သူများကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို ဒရုန်းဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်မှုတွင် ခြောက်ဦး သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရသူများလည်း ရှိနိုင်ပြီး ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များဘက်က အထိအခိုက်အကျအဆုံးမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း Black Wolf PDF တာဝန်ရှိသူက ဆိုသည်။

ယင်းတိုက်ခိုက်မှုသည် ဒေသကာကွယ်ရေးမဟာမိတ်များဘက်မှ ကျဆုံးခဲ့ရသည့် ရဲဘော် နှစ်ဦး၊ မတရားကြိုးမိန့်ပေးခံခဲ့ရသော ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ လေးဦးနှင့် မတရားသတ်ဖြတ်ခံရသည့် တအုံကျေးရွာနေ ပြည်သူ ခုနစ်ဦးတို့ကို ကိုယ်စားပြုသည့် အနေဖြင့် Operation 247 အမည်ဖြင့် ပြုလုပ်ခဲ့သော စစ်ဆင်ရေး ဖြစ်သည်။

အဆိုပါ Operation 247 စစ်ဆင်ရေးတွင် ရွှေဘိုခရိုင် တပ်ရင်း ( ၅ ) ၊ BLACK WOLF - PDF ၊ C&T SHWE BO နှင့် SNAKE EYE -PDF တို့ ပူးပေါင်း ပါဝင်တိုက်ခိုက်ခဲ့ကြသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့ကလည်း ရွှေဘိုမြို့နယ် ကော့ရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ၄၀ မမ ဗုံးသီးများဖြင့် ပစ်ခတ်ပြီးနောက် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံးခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly