ရန်ကုန်မြို့လယ်ရှိ ဦးဖြိုးဇေယျာသော်နေအိမ် စစ်ကောင်စီတပ်ထောက်ခံသော လူရမ်းကားအုပ်စုကြီး ခဲများဖြင့်ပေါက်

ရန်ကုန်မြို့လယ်ရှိ ဦးဖြိုးဇေယျာသော်နေအိမ် စစ်ကောင်စီတပ်ထောက်ခံသော လူရမ်းကားအုပ်စုကြီး ခဲများဖြင့်ပေါက်

ဇူလိုင်လ ၂၇ ရက်

သေဒဏ်ပေးခံခဲ့ရသော ဦးဖြိုးဇေယျာသော်၏ ရန်ကုန်မြို့လယ်ကနေအိမ်ကို စစ်ကောင်စီတပ်ထောက်ခံသော လူရမ်းကားအုပ်စုကြီးက ကျောက်ခဲများဖြင့်လာရောက်ပစ်ပေါက်ကာ ဆဲဆိုကြိမ်းမောင်းသွားမှု ယနေ့ (ဇူလိုင်လ ၂၇ ရက်)နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့သည်။

လိုက်ထရပ်ကား၊ ဟိုက်ဂျက်ကားများအပါအဝင် ကားခုနှစ်စီးဖြင့်ရောက်လာသော လူအင်အား ၈၀ မှ ၁၀၀ ခန့်ရှိအုပ်စုသည် ကျောက်တံတားမြို့နယ် ဗိုလ်အောင်ကျော်လမ်း အလယ်ဘလောက်ရှိ အဆောက်အဦးတစ်ခု၏ တတိယလွှာအခန်းကို ခဲများဖြင့်ပစ်ပေါက်ခဲ့ကြသည်။

အများစုမှာ နှာခေါင်းစည်းတပ်ထားကာ ဥိီးထုပ်ဆောင်းထားကြပြီး" ဟေ့ကောင်ဆင်းခဲ့စမ်း၊ မဆင်းဘူးလား၊ သစ္စာဖောက်တွေ၊ မင်းတို့တစ်မျိုးလုံးသတ်ပစ်မယ်၊ အမျိုးယုတ်ကောင်တွေ " ဟု ဆိုသော အော်ဟစ်ဆဲဆိုသံများကိုလည်း စစ်ကောင်စီလော်ဘီများက တယ်လီဂရမ်ချန်နယ်တွင်ဖြန့်ဝေသော ၃၈ စက္ကန့်ကြာ ဗီဒီယိုထဲတွင်ပါရှိသည်။

အရပ်ဝတ်ရဲတပ်ဖွဲ့ဝင်ဟုယုံကြည်ရသောသူများပါဝင်သော လူအုပ်စု၏ အများစုက လွယ်အိတ်များလွယ်ထားကြသည်။ အမျိုးသမီးအချို့လည်းပါဝင်သည်ကိုတွေ့ရသလို လွယ်အိတ်ထဲမှ လောက်လေးခွများထုတ်ကာ နေအိမ်ခန်းကိုပစ်ခတ်သူနှစ်ဦးကိုလည်း တွေ့ရသည်။

ဇူလိုင်လ ၂၃ ရက်နေ့က အင်းစိန်ထောင်တွင်ကြိုးပေးသတ်ခံခဲ့ရသော နိုင်ငံရေးအကျဉ်းသား ဦးဖြိုးဇေယျာသော်သည် အဆိုပါနေအိမ်တွင် နေသွားဖူးခဲ့သည်။

အခင်းဖြစ်ပွားသည်ကိုတွေ့ရှိလိုက်သော မျက်မြင်သက်သေတစ်ဦးက မွန်းလွဲ ၁၂ နာရီခွဲတွင် လူအုပ်စုကရောက်ရှိလာပြီး ခဲများ၊ ခရမ်းချဉ်းသီးများဖြင့်ပစ်ပေါက်ဆဲဆို ရမ်းကားသွားခြင်းဖြစ်ကာ အခင်းဖြစ်ပွားပြီး ၁၀ မိနစ်ကျော်မှသာ စစ်ကောင်စီတပ်ဖွဲ့များရောက်ရှိလာခဲ့သည်ဟု မဇ္ဈိမကိုပြောသည်။

အခင်းဖြစ်ပွားချိန်က အခန်းတွင်နေထိုင်သူတစ်ဦးမှမရှိကြောင်းနှင့် ယမန်နေ့ညကလည်း အဆိုပါအခန်းကို စစ်ကောင်စီတပ်ကလာရောက်ရှာဖွေမှုပြုလုပ်ခဲ့သေးသည်ဟု မဇ္ဈိမက စုံစမ်းသိရှိရသည်။

စစ်ကောင်စီတပ်ရောက်လာပြီး ပြန်သွားကြသည့်အုပ်စုထဲမှ သေဒဏ်ပေးခံရသူလေးဦးတွင်ပါဝင်သော ဦးဂျင်မီ၏နေအိမ်ကိုလည်း ခဲဖြင့်သွားပေါက်မည်ဟု ပြောဆိုသွားသည်။ မဇ္ဈိမအနေဖြင့် ဆက်လက် စုံစမ်းလျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly